နမ့်စန်  ၃၀  နိုဝင်ဘာ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၃ ရွာတွင် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) နှင့် ကျေးရွာပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေများဖြင့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးမည့် ကျေးရွာ ၂၃ ရွာမှာ မတ်ကျန်း-၁၊ မတ်ကျန်း-၂၊ ကုန်းယွန်း၊ မိုက်ကမ်း၊ နမ့်ဟူးကူ၊ တာလိုင်းရွာ၊ နောင်ခမ်း၊ လွိုင်ဆောင်၊ ယာဆောင်၊ စျေးကုန်း၊ ညောင်ပင်သာ၊ ပန်ဆာ၊ ဆီးဆော့၊ ဟိုခို၊ နောင်ဝို၊ ဆမ်ခါ၊ လွယ်ပေါင်း၊ နမ့်ပဲ့၊ ဝမ်ဟင်၊ လွိုင်လ၊ လွိုင်အွန်၊ ပါလိုင်း၊ မိုက်ဟိုင်း ကျေးရွာများဖြစ်ပြီး ယင်းကျေးရွာ ၂၃ရွာတွင် တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ ၂၄၃ စုံ၊ ၁၀၀ ဝပ်ဆိုလာ ၃၃၀ စုံ၊ လမ်းမီးတိုင် ၈၃ စုံ၊ မူလတန်းကျောင်းအတွက် ၁၆ စုံ၊ ဘာသာရေး အဆောက်အဦအတွက် ၁၅ စုံ၊ ကျေးလက် ဆေးပေးခန်းအတွက် ၃ စုံ၊ စုစုပေါင်းဆိုလာ ၆၉၅ စုံတပ်ဆင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုအချိန်တွင်ဆိုလာနှင့် ဆက်စပ်ပစ္စည်းများမှာ ကျေးရွာများသို့ ရောက်ရှိနေပြီဖြစ်ပြီး ဒီဇင်ဘာလအတွင်း၌ စတင်၍ တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

တစ်အိမ်သုံး ဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက် ငွေကျပ်ငါးသောင်းနှင့် ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဖြစ်ပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့်တန်ဖိုးကို စီမံကိန်း ရန်ပုံငွေမှ ကျခံပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများ ဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကိုစီမံကိန်း ရန်ပုံငွေမှရာနှုန်းပြည့် အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း ကပြောပြ၍ သိရသည်။

ငြိမ်းသူ