ကော့သောင်း  ၂၅  နိုဝင်ဘာ

မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့နယ်၊ ဘန်းကချွန် ကျေးရွာအုပ်စု ၁၄ မိုင် ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Good Water ကုမ္ပဏီ၏ မြို့သောက်သုံးရေပေးဝေရေး စီမံကိန်းလုပ်ငန်းခွင်သို့ နိုဝင်ဘာ ၂၄ ရက်နေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေပေးဝေရေးစီမံကိန်းကို GOOD WATER ကုမ္ပဏီမှ ကော့သောင်းမြို့နယ်အတွင်း သောက်သုံးရေ အလုံအလောက် ပေးဝေနိုင်ရေး ကော့သောင်းမြို့မှ ၁၄ မိုင်ခန့်ဝေးသည့် ဘန်းကချွန်ကျေးရွာအုပ်စု ၁၄ မိုင်ကျေးရွာ (ဒေသအခေါ်အဝေါ် ကျောက်ညှပ်)  သစ်တောကြိုးဝိုင်းအတွင်းရှိ မြေဧက နှစ်ရာနီးပါးအား ၂၀၁၃ ခုနှစ်ကတည်းက မြေရာအသုံးပြုခွင့် လျှောက်ထားကာ ၂၀၁၆ ခုနှစ်က  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမူ ကော်မရှင် MIC ခွင့်ပြုချက်ဖြင့် ရေအရင်းမြစ် ပေးဝေရေး ထိုင်းနိုင်ငံပညာရှင်များဖြင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ရာ စီမံကိန်းလုပ်ငန်းများအဖြစ် မြေသားတမံတည်ဆောက်ခြင်း လုပ်ငန်းများ ပြီးစီးနေပြီဖြစ်ပြီး သုတေသနလုပ်ငန်းများ ရေအရင်းမြစ်ရှာဖွေ သွယ်တန်းခြင်းနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ 

 

စီမံကိန်းလုပ်ငန်းခွင်အတွင်း  ကော့သောင်းမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးအောင်ကျော်မျိုးနှင့် အင်ဂျင်နီယာအဖွဲ့များက ကွင်းဆင်း စစ်ဆေးရာတွင် ရေအရင်းအမြစ်ရရှိရာနေရာများ၊ စီမံကိန်းနှင့်ပတ်သက်၍ လုပ်ငန်းပြီးစီးမှု အခြေအနေများနှင့် ရေပေးဝေရေးအမြန်ဆုံး အကောင်ထည်ဖော်နိုင်ရေး လတ်တလော ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား စီမံကိန်း တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

 

အဆိုပါစီမံကိန်း၏ ပင်မရေလှောင်တမံအတွင်း ရေဂါလန် ၃၅ သန်းအထိ သိုလှောင်နိုင်ပြီး ရေအရင်းအမြစ် PH level 7.2 အဆင့်ရှိ WHO မှထောက်ခံချက်ပေးထားပြီး လူသားများအား အကျိုးပြုသည့် ဓာတ်သတ္တုများပါဝင်သည့် ၁၄ မိုင်ချောင်းရေအား သိုလှောင်ကာ ၁၂ မိုင်ကျေးရွာရှိ ရေသန့်စက်ရုံသို့ သွယ်တန်းပို့ဆောင်ပြီး သောက်သုံးရေသန့် အဆင့်ထုတ်လုပ်၍ မြေအောက်တွင် နှစ်ပေါင်း ၃၀ အထိ တာရှည်ခံနိုင်သည့် Buctile iron ခေါ်သံချေးမတက်သည့် နိုင်ငံတကာစံချိန်မီ သံပိုက် အမျိုးအစား 400 mmlb ကို အသုံးပြု၍ ၂၀၂၁ ခုနှစ်အတွင်း ကော့သောင်းမြိုတွင်းသို့ သွယ်တန်းဖြန့်ဝေနိုင်ရေး စီမံထားရှိခြင်း ဖြစ်ရာလက်ရှိအချိန်  (Covid-19) ကပ်ရောဂါ အခြေနေကြောင့် လုပ်ငန်းများ ကြန့်ကြာမှု တချို့ဖြစ်ပေါ် နေသော်လည်း ရေပေးဝေရေးအမြန်ဆုံး အကောင်ထည်ဖော်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

ကျော်စိုး (ကော့သောင်း)