ကော့သောင်း ၂၅ နိုဝင်ဘာ
မြန်မာနိုင်ငံရေပိုင်နက် ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း နိုင်ငံတကာပင်လယ်ကူး သင်္ဘောများပေါ်မှ သင်္ဘောသား အလွှဲအပြောင်း လုပ်ငန်းများကို ပြုလုပ်လျက်ရှိရာ M/S WISDOM MARINE LINES GROUP ကုမ္ပဏီလီမီတက် ထိုင်ဝမ်ပိုင် MV-SAKIZAYA BRAVE သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ Wooil Marine ကုမ္ပဏီလီမိတက် ပနားမားပိုင် MT –K.K NO.5 သင်္ဘောပေါ်မှ သင်္ဘောသား(၁၀)ဦးသည် ယနေ့ နံနက်ပိုင်းက Sign off ထွက်လာရာ ကော့သောင်းမြို့မဆိပ်ကမ်းတံတားမှာ ကျန်းမာရေးဌာနနှင့် တာဝန်ရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ကော့သောင်းမြို့မှာ Hotel Quarantine (၁၄)ရက် ထားရှိကန့်သတ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောနှစ်စီးပေါ်မှ Sign off ထွက်လာသည့် မြန်မာသင်္ဘောသား(၁၃)ဦးသည် ကော့သောင်းမြို့တွင်ကြိုတင် ရောက်ရှိနေကာ MV-SAKIZAYA BRAVE သင်္ဘောပေါ်ကို sign on တက်ရောက်မည့် ကပ္ပတိန် ဦးကိုကိုလွင် ပါ သင်္ဘောသား(၆)ဦး MT –K.K NO.5 သင်္ဘောပေါ်သို့ sign on တက်ရောက်မည့် ကပ္ပတိန် ဦးကိုကိုကျော် ပါ သင်္ဘောသား(၉)ဦးတို့နှင့် တာဝန်လွှဲပြောင်း ယူခဲ့သူများဖြစ်သည်။
ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး Sign off ထွက်လာသည့် သင်္ဘောသား(၁၃)ဦး၏ နှာခေါင်းအာခေါင်တို့ဖတ်များ နမူနာများကို ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျရယူကာ ရန်ကုန်အမျိုးသားကျန်းမာရေး ဓာတ်ခွဲဌာနကို ပို့ဆောင်ဓာတ်ခွဲစစ်ဆေး သွားမှာဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)


