၂၀ နိုဝင်ဘာ
လက်ရှိဘောလုံးရာသီတွင် ပရီမီယာလိဂ်ချန်ပီယံဆုအတွက် အသင်းရှစ်သင်းအထိ ယှဉ်ပြိုင်ရဖွယ်ရှိပြီး ပွဲဆက်များမှုအခြေအနေကို ဖြေရှင်းရန်အတွက် ကစားသမားငါးဦးအထိ လဲလှယ်ခွင့်ပြုဖို့ လိုအပ်ကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘောလုံးရာသီ နောက်ပိုင်းမှာ ကစားသမားငါးဦးအထိ လဲလှယ်ခွင့်ပြုခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီ ပြန်စချိန်မှာတော့ ယခင်စနစ်အတိုင်း ကစားသမားသုံးဦးသာ လဲလှယ်ခွင့် ပြုတော့တာဖြစ်ပါတယ်။
“ရှစ်သင်းလောက် ပြိုင်နေရတဲ့ အနေအထားပါ၊ ဗီလာကို ဂိုးပြတ်ရှုံပွဲကလွဲရင် ကျွန်တော်တို့အသင်းရဲ့ ရာသီအစက သိပ်မဆိုးပါဘူး။ အမြဲတမ်းတော့ ၁၀၀ရာခိုင်နှုန်းတော့ အနိုင်မရနိုင်ဘူးပေါ့” လို့ ပြောကြားခဲ့ပါတယ်။ သို့သော် ယာဂန်ကလော့ပ်က ဗီလာကို ရှုံးနိမ့်ခဲ့ခြင်းမှ သင်ခန်းစာများစွာ ရယူနိုင်ခဲ့တဲ့အတွက်ရလဒ်ပိုင်းကို ကောင်းမွန်အောင် ပြန်လည် ထိန်းကျောင်းနိုင်ခဲ့ကြောင်း ဆိုပါတယ်။
လီဗာပူး အသင်းဟာ လာမယ့် နိုဝင်ဘာ ၂၂ရက်မှာ အမှတ်ပေး ဇယားထိပ်ဆုံးက လက်စတာအသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ဒါ့အပြင် ယာဂန်ကလော့ပ်က ယခုနှစ် ဘောလုံးရာသီဟာ အချိန်ကာလအားဖြင့် ပိုမိုတိုတောင်းတာကြောင့် ကစားသမားတွေ နွမ်းနယ်မှုကိုကာကွယ်ဖို့ ကစားသမား ငါးဦးအထိ လဲလှယ်အသုံးပြုဖို့ လိုအပ်တယ်လို့လည်း သူ့အမြင်ကို ပြောကြားခဲ့ပါတယ်၊။ လီဗာပူးအသင်းဟာ ယခုအချိန်မှာ ပွဲထွက်ကစားသမား ရှစ်ဦးအထိ ဒဏ်ရာရရှိနေပြီး ဒဏ်ရာရရှိမှု အမြင့်ဆုံး အသင်းအဖြစ် တည်ရှိနေပါတယ်။ ကစားသမားတွေဟာ ရာသီတိုတောင်းမှုကြောင့် ပွဲဆက်များနေပြီး ပွဲပန်းမှု ဒဏ်ခံနေရသလို တစ်ဖက်မှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေကြောင့် ထိခိုက်မှု မြင့်မားနေတာ ဖြစ်ပါတယ်။
မေလဲ့သင်း