နေပြည်တော် ၁၉ နိုဝင်ဘာ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျက်တောပြင်ကျေးရွာအုပ်စု၊ ကျက်တောပြင်ကျေးရွာ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို နိုဝင်ဘာ ၁၇ ရက် နံနက် ၈ နာရီတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများ၊ မျိုးစေ့ထုတ်လုပ်သူ တောင်သူများစုပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

ကျက်တောပြင်ကျေးရွာတွင် ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၄၅)ဧက စိုက်ပျိုးထားရာ မျိုးကွဲနုတ်ခြင်း ပေါင်းမြက်ရှင်းလင်းခြင်း၊ ပိုးမွှားရောဂါ ကင်းထောက်စစ်ဆေးခြင်း၊ မျိုးစေ့ထုတ်လုပ်ငန်းစဉ်များအား တိကျစွာလိုက်နာစေရေး ပညာပေးဆွေးနွေးခြင်းကို ပြည်နယ်ဦးစီးမှူး ဦးသိုက်စိုး၊ ဒုတိယပြည်နယ်ဦးစီးမှူးများ၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးကြခြင်းဖြစ်ကြောင်း၊ ပြည်နယ်မျိုးစေ့ တာဝန်ခံ ဒေါ်လှသိင်္ဂီက ကွင်းဆင်းစစ်ဆေးရခြင်း ရည်ရွယ်ချက်၊ မျိုးကွဲနုတ်ပယ်နည်းစနစ်များကို မျိုးစေ့ထုတ်တောင်သူများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျက်တောပြင်ကျေးရွာ ကွင်းအမှတ်(၅၂၉)ရှိ တောင်သူ ဦးအောင်ကျော်ဟိန်း၏ ဆင်းသွယ်လတ် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း (၁ ဒသမ ၆)ဧကတွက် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် စပါးအစို(၁၀၂)တင်းနှုန်း ထွက်ရှိခဲ့သည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိုက်စိုး၊ ဒုတိယပြည်နယ်ဦးစီးမှူးများ၊ ခရိုင်ဦးစီးမှူးများ၊ မြို့နယ်ဦးစီးမှူးများ၊ ပြည်နယ်၊ ခရိုင် လုပ်ငန်းတာဝန်ခံများ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဂျိုင်းလော(သတင်းစဉ်)