ကျွန်းလှ ၁၇ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်းတို့ စိုက်ပျိုးကြ၍ ယခုနှစ် ဆောင်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိရေး တောင်သူတွေ မျှော်လင့်နေကြကြောင်း သိရသည်။
“ကျွန်တော် ဆောင်းနှမ်း(၇)ဧကကို GAP နည်းနစ်ဖြင့် စိုက်ပျိုးထားပါတယ်။တစ်ဧက မျိုးတစ်အိတ် စိုက်ပျိုးပြီး ငွေကျပ်(၁၅၀ဝ၀) ပေးရပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုး၊ လုပ်အားခ အပါဝင် တစ်ဧက ငွေကျပ် တစ်သိန်းကျော် ကုန်ကျပါတယ်။ ယခုအခါ နှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း နေပါတယ်။ နှမ်းဈေးကလည်း တစ်တင်းငွေကျပ် (၇၀ဝ၀ဝ)ဈေး ရှိနေပါတယ်”ဟု မကျည်းအင်း ကျေးရွာ နှမ်းစိုက်တောင်သူ ကိုစိန်မော်တင်က ပြောပြသည်။
အဆိုပါ နှမ်းစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ပညာရှင်များနှင့် ဝန်ထမ်းများက ဘက်စုံပိုးမွှား ကာကွယ်နည်းစနစ်များ အသုံးပြုရေး၊ မလိုအပ်ဘဲ ပိုးသတ်းဆေး အသုံးမပြုရေး၊ သဘာဝ မြေဩဇာ ပြုလုပ်သုံးစွဲရေး၊ သဘာဝ ပိုးသတ်ဆေး၊ ပိုးပြေဆေးပြုလုပ် သုံးစွဲရေးနှင့် စိုက်ပျိုးရေး ဆိုင်ရာ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယာမြေဧက (၄၈၃၉၄)ဧက ရှိပြီး၊ ဆောင်နှမ်းဧက (၁၂၀ဝ၀)ကျော် စိုက်ပျိုးကြကြောင်း၊ GAP နည်းစနစ်ဖြင့် ဧက(၂၀) စိုက်ပျိုးကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ


