သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများ သရုပ်ပြ

သာပေါင်း  ၁၆  နိုဝင်ဘာ

 

သာပေါင်းမြို့နယ် သစ်တောဦးစီးဌာနရုံးဝန်းအတွင်းတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ် နည်းများနှင့် မီးလောင်မှု၊မီးလန့်မှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေး အခြေခံနည်းလမ်း၊ မီးငြှိမ်းသတ်နည်းများကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက နိုဝင်ဘာ  ၁၆ ရက် နံနက် ၉ နာရီက သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နည်း၊ မီးငြှိမ်းသတ်နည်းများ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ် ဦးစီးမှူးဦးကျော်သူလွင်က မီးလောင်မှု ဖြစ်ပွားရခြင်း ဖြစ်စဉ်အကြောင်းရင်းများနှင့် ရှေးဦးမီးငြှိမ်းသတ်နည်း ပစ္စည်းကိရိယာများ သုံးစွဲနည်း၊မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ် နည်းလမ်းများ၊ လျှပ်စစ်မီးအန္တရာယ် လုံခြုံရေး အစီအမံများ၊ဌာနဆိုင်ရာရုံး မီးဘေး ကြုံတွေ့ရပါက အရေးကြီး ဦးစားပေး စာရွက်၊စာတမ်းများ ဘေးကင်းလုံခြုံ မပျက်စီးရေး စီမံ ဆောင်ရွက်ထားရှိ နည်းများအား မြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးကျော်ဝင်းမြင့်နှင့် ဝန်ထမ်းများအား ရှင်းလင်း‌ပြောကြား ဆွေးနွေးခဲ့ကြသည်။

 

မီးသတ်တပ်ဖွဲ့ဝင်များအတူ သစ်တောဝန်ထမ်းများကိုယ်တိုင် လက်တွေ့ မီးငြိမ်းသတ်ခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)