ရန်ကုန် ၁၅ နိုဝင်ဘာ

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ် ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)က ကြီးမှူးကျင်းပသည့် ဒီပါဝလီပွဲတော်အထိမ်းအမှတ် ဆီမီးထွန်းညှိပူဇော်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၄ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၅၄)လမ်းရှိ အဆိုပါ ဖောင်ဒေးရှင်းရုံးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းလွင်၊ ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးဝင်း၊ အထွေထွေအတွင်းရေးမှူး ဦးချစ်ဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက ဆီမီးထွန်းညှိ၍ ဖွင့်လှစ်ပေးကြပြီး ဖောင်ဒေးရှင်းဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ဗဟိုအလုပ်အမှုဆောင် ဦးဆန်းမင်းနိုင်က ဖတ်ကြားသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ ဒီပါဝလီအထိမ်းအမှတ် မေတ္တာဩဝါဒကို Video Message ဖြင့် ဆုတောင်းပေးခြင်းကို ဖွင့်လှစ်ပြသသည်။

ထို့နောက် အထွေထွေအတွင်းရေးမှူးက တမီလ်ဘာသာဖြင့် အသင်း၏လုပ်ဆောင်ချက်အကျဉ်းနှင့် ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသူများက ဆုတောင်းမေတ္တာပို့သကြသည်။ 

သတင်းစဉ်