ကန့်ဘလူ ၁၃ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း၌ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများကို ပေးအပ်လျက်ရှိရာ နိုဝင်ဘာ ၁၃ ရက်နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြည်သူများလက်ဝယ်အရောက် ပေးအပ်လျက်ရှိသည်။

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်ကာလ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ပေးအပ်လျက်ရှိပြီး အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စု ၉၉၂ စုအတွက် ဆယ်အိမ်ခေါင်းအလိုက် ထုတ်ပေးခြင်းဖြစ်ကြောင်း အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ကပြောသည်။

 

အလားတူထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကန့်ဘလူမြို့နယ်၌ ရပ်ကွက် (၁၁) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၆) အုပ်စုမှ အိမ်ထောင်စု ၆၆၄၄၉ စုအား နိုင်ငံတော်အစိုးရက အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၃၂၈၉၈၀၀၀၀ ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)