မင်းလှ  ၉  နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ရေခါးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ၄၀၀ ဗို့အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ရေခါးကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်း ၆၆၀၀ ပေသွယ်တန်းခြင်း လုပ်ငန်းများကို မြစိမ်းရောင်စီမံကိန်းမှ အတိုးရငွေကျပ် ၂၀ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၂၈ ဒသမ ၂၇၈၃ သန်း စုစုပေါင်း ငွေကျပ် ၄၈ ဒသမ ၂၇၈၃ သန်းတို့ဖြင့် ယခုနှစ်စက်တင်ဘာလအတွင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး နေပြီဖြစ်သောကြောင့် အိမ်ခြေ ၂၀၅မှ လူဦးရေ ၉၈၁ ဦး တို့လျှပ်စစ်မီးရရှိနေပြီဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောပြ၍ သိရသည်။

 

မင်းလှမြို့နယ်အတွင်း မြစိမ်းရောင်စီမံကိန်းကို ကျေးရွာ ၃၈ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း ၁၈ ရွာ၌ ရေရရှိရေးလုပ်ငန်း ၅ ခု မီးလင်းရေးလုပ်ငန်း ၉ ခု လမ်းလုပ်ငန်း ၃ ခု ကျေးရွာခန်းမဆောင် ၁ ခုအား မြစိမ်းရောင် စီမံကိန်းအတိုးရငွေကျပ် ၁၅၃ ဒသမ ၀၅ သန်း ပြည်သူထည့်ဝင်ငွေ ၁၆၄ ဒသမ ၈၄၃၈၇ သန်း၊ စုစုပေါင်း ၂၂၉ ဒသမ ၂၀၁၄၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ဆက်လက်ပြောပြသည်။

ငြိမ်းသူ