၇ နိုဝင်ဘာ
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ထုတ်ပြန်ထားသော Coronavirus Disease 2019 (COVID-19) နှင့်ပတ်သက်၍ ကာကွယ်မှု၊ ထိန်းချုပ်မှုနှင့် ကုသမှုဆိုင်ရာ လုပ်ငန်းများကို မြန်မာ အစိုးရမှ အမျိုးသားအဆင့်အနေဖြင့် သတ်မှတ်၍ ပြည်သူတစ်ရပ်လုံး ပါဝင်ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ပေကျင်းမြို့၊ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ခြင်း၊ တရုတ်နိုင်ငံရှိ အသင်း အဖွဲ့များ၊ ကုမ္ပဏီအုပ်စုများ၊ ဖောင်ဒေးရှင်းများနှင့် လူမှုအဖွဲ့အစည်းများကိုလည်း ရှင်းလင်းပြောကြား ခြင်းများ ပြုလုပ်လျက်ရှိရာ မြန်မာအစိုးရနှင့် ပြည်သူများ ဆောင်ရွက်လျက်ရှိသည့် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ စေတနာရှင်ပြည်သူများနှင့် အဖွဲ့အစည်းများကလည်း Coronavirus Disease 2019 (COVID-19)နှင့်ပတ်သက်သည့် ဆေးဘက်ဆိုင်ရာပစ္စည်းများ လှူဒါန်းနိုင်ရေးအတွက် ပေကျင်းမြို့၊ မြန်မာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ဆောင်ရွက်လျက်ရှိရာ COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုနှင့်ပတ်သက်၍ ကြိုတင် ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ပေကျင်းမြို့၊ မြန်မာသံရုံးနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုဒေသရှိ Macau-Myanmar Friendship Association ၊ Macau-Myanmar Chamber of Commerce နှင့် Association of Wong Clansmen in Macau တို့က နှာခေါင်းစည်း (Disposable Mask)၊ Nucleic Acid Amplification and Detection Analyzer ၊ Diagnostic Kit for Novel-Coronavius (2019-nCoV) RNA နှင့် Disposable Sample Collector များ မြန်မာနိုင်ငံသို့ ပေးပို့ရန်အတွက် ညှိနှိုင်းခြင်းအခမ်းအနားကို ၃-၁၁-၂၀၂၀ ရက်နေ့၊ ၁၅၀၀ နာရီတွင် ပေကျင်းမြို့၊ မြန်မာသံရုံး၌ ကျင်းပခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက ပေကျင်းမြို့၊ မြန်မာသံရုံးအနေဖြင့် ပစ္စည်းများလှူဒါန်းနိုင်ရန် စီစဉ်ခဲ့ခြင်းအတွက် ရှင်းလင်းပြောကြားခဲ့ကာ Macau-Myanmar Friendship Association ဥက္ကဋ္ဌ Mr. Huang Qiong Cheng နှင့် Macau-Myanmar Chamber of Commerce ဥက္ကဋ္ဌ Mr. Huang Delai တို့ကလည်း လှူဒါန်းရခြင်းအကြောင်းရင်းကို အသီးသီး ရှင်းလင်းပြောကြား ခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။
မြန်မာအစိုးရမှ ဆောင်ရွက်လျက်ရှိသည့် COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် ပေကျင်းမြို့၊ မြန်မာသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုဒေသရှိ Macau-Myanmar Friendship Association ၊ Macau-Myanmar Chamber of Commerce နှင့် Association of Wong Clansmen in Macau တို့က လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း (Disposable Mask) (၃၂၀,၀၀၀)ခု၊ Nucleic Acid Amplification and Detection Analyzer (၁)လုံး၊ Diagnostic Kit for Novel-Coronavius (2019-nCoV) RNA (၅၀၀)ခုနှင့် Disposable Sample Collector (၅၀၀) တို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ မြန်မာသံရုံးမှတစ်ဆင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဆက်လက်ပို့ဆောင်နိုင်ရေး စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
MDN


