နောင်ချို  ၇  နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံအသီးသီးတွင် မဲရုံပြင်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၆ ရက်နေ့တွင် မဲရုံအများစုမှာ ပြင်ဆင်မှုများ ပြီးစီးလျက်ရှိကြောင်း သိရသည်။

 

မဲရုံများ ကြိုတင်ပြင်ဆင်ရာတွင် မဲဆန္ဒရှင်များ စနစ်တကျ မဲပေးနိုင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ ဖြစ်စေရန် တိုင်းတာအကွက် ချထားပေးခြင်း၊ လက်ဆေးရန်၊ ကိုယ်အပူချိန်တိုင်းတာရန် နေရာများ သတ်မှတ်ထားရှိခြင်း၊  မဲစာရင်းစစ်ဆေးသည့်နေရာ၊ မဲလက်မှတ်ထုတ်ပေးသည့်နေရာ၊ လျှို့ဝှက်ဆန္ဒပြုခန်း၊ ဆန္ဒမဲများ ထည့်ရန်မဲပုံး စသည့်တို့ကို စနစ်တကျ ပြင်ဆင်ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

နောင်ချိုမြို့နယ်အတွင်း မဲရုံများကြိုတင် ပြင်ဆင်ခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ဌာနဆိုင်ရာများမှ မိမိတို့တာဝန်ကျ နယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ (၄၁)အုပ်စုတွင် မဲရုံ (၈) ရုံရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို-ပြန်ဆက်)