ဆိပ်ဖြူ ၇ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ထန်းချောင်းကျေးရွာတွင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ မှ အတိုးရငွေဖြင့် ဒေသခံပြည်သူများ လျှပ်စစ်မီးအသုံးပြုနိုင်စေရန် ကျေးရွာတွင်း ၄၀၀ ဗို့အား လိုင်းလျှပ်စစ်မီး သွယ်တန်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးကြောင်း ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်ထံက သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ လျှပ်စစ်မီး အသုံးပြုနိုင်စေရေးအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေမှ အတိုးရငွေ ကျပ် ၇ ဒသမ ၅ သန်း ၊ လွှတ်တော်ရန်ပုံငွေ ကျပ် ၄ ဒသမ ၅ သန်း၊ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၃၄ ဒသမ ၂၁၈၃ သန်း တို့ဖြင့် အရှည် ၇၉၂၀ ပေကို ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာအကူအညီ၊ ကျေးရွာသူ/သားများ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဩဂုတ် တတိယပတ်က စတင် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအခါအဆိုပါလုပ်ငန်းသည် ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ထန်းချောင်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုပဉ္စမမြောက်စက်ဝန်းတွင် မြစိမ်းရောင်အတိုးရငွေဖြင့် ၄၀၀ ဗို့အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ပြီဖြစ်၍ အဆိုပါကျေးရွာရှိ အိမ်ခြေ (၁၁၂)အိမ်၊ လူဦးရေ (၅၂၄)ဦးတို့သည် အချိန်ပြည့် လျှပ်စစ်မီးသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်းနှင့် လူမှုစီးပွားဘဝ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဟေမာမြင့် (ကျေးလက်)


