မန္တလေး ၂ နိုဝင်ဘာ
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ပြည်သူများ ကျုံးဘေးတွင် အေးချမ်းစွာ အပန်းဖြေ နိုင်ရေးနှင့် လုံခြုံရေးအတွက် အောင်မြေသာစံမြို့နယ် ၂၆ လမ်းကျုံးတောင်ဘက် ပလက်ဖောင်းတွင် ၆၆ လမ်းမှ လမ်း ၈၀ အထိ ခေတ်မီ LED မီးတိုင်များ စိုက်ထူပေးခဲ့ပြီး အောက်တိုဘာ ၃၁ ရက် (သီတင်းကျွတ် လပြည့်နေ့) ညနေ ၆ နာရီတွင် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ၂၆ လမ်း၊ လမ်း ၇၀ နှင့် ၇၁ လမ်း ကြားရှိ Main Breaker တင်ကာ စတင်မီးထွန်းညှိပေးသည်။
LED မီးများ စတင်ထွန်းညှိပေးပြီးတွင် မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြည်သူတွေတောင်းဆို ထားသည့် ၂၆ လမ်း ကျုံးတောင်ဘက် ပလက်ဖောင်းမီးလင်းပါပြီ၊ ခိုင်ခံ့အောင် တည်ဆောက် ထားကြောင်း၊ ပြည်သူတွေ လှူဒါန်းထားသည့် လမ်းမီးအလှူငွေများနှင့် ပြည်သူ့ဂုဏ်ရည် ဆုရငွေ ပေါင်းပြီး ဆောင်ရွက်ပေးတာဖြစ်ကြောင်း၊ မြို့တော်အတွက် စည်ပင်ရဲ့သီတင်းကျွတ် လက်ဆောင်ပါဟု ပြောကြားခဲ့သည်။ အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၆၆ လမ်းမှ လမ်း ၈၀ အထိ ကျုံးတောင်ဘက်တွင် 5 meter GI Pole အမျိုးအစား မီးတိုင် ၁၅၀ စိုက်ထူပေးထားပြီး LED 60W မီးများ တပ်ဆင်ပေးခဲ့သည်။ ကျုံးတောင်ဘက် ပလက်ဖောင်းတွင် နံနက်အစောပိုင်းနှင့် ညပိုင်းတွင် လမ်းလျှောက်သူ၊ ညပိုင်းရေပန်းတွင် လာရောက် အပန်းဖြေသူများဖြင့် စည်ကားသော နေရာတစ်ခုဖြစ်ကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)


