၁ နိုဝင်ဘာ
ယနေ့စူပါဆန်းဒေးပွဲအဖြစ် ယှဉ်ပြိုင်ကြမည့် မန်ယူနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်သည် နှစ်သင်းစလုံး၏ အစောပိုင်း ပရီးမီးယားလိဂ် ရလဒ်ဆိုးများကြောင့် အနိုင်ရရေး ရုန်းကန်မည် ဖြစ်သောကြောင့် သွင်းဂိုးအမြောက်အမြားကို မြင်တွေ့ရနိုင်ဖွယ်ရှိကြောင်း အားကစားသုံးသပ်သူများက ခန့်မှန်းထားသည်။
The Sun သတင်းဌာနကမူ မန်ယူအသင်းနှင့် အာဆင်နယ်အသင်းတို့ တွေ့ဆုံးမှုကို အဆင့် ၁၅ နှင့် ၁၁ တို့ တိုက်ပွဲဟုပင် ရေးသားထားပြီး အိမ်ကွင်းအဆိုးရွားဆုံး ရာသီဖြစ်ပေါ်နေခြင်းကို မန်ယူမည်သို့ ဖြေရှင်းမည်လဲဆိုသည်နှင့် ပရီးမီးယားလိဂ် ခြောက်ပွဲတွင် သုံးပွဲအထိ ရှုံးနိမ့်ထားသည့် အာဆင်နယ်တို့၏ ရုန်းကန်အားကြောင့် ဂိုးမိုးရွာနိုင်ကြောင်း မှန်းဆထားခြင်းဖြစ်သည်။
မန်ယူနှင့် အာဆင်နယ်အသင်းတို့ ထပ်တိုက်တွေ့ဆုံမှုအရ မန်ယူက အိမ်ကွင်းတွင် ၄၃ ရာခိုင်နှုန်း အနိုင်ရထားပြီး၊ ၂၄ ရာခိုင်နှုန်း သရေကျကာ ၃၃ ရာခိုင်နှုန်း ရှုံးနိမ့်ထားသည်။ နှစ်သင်းပေါင်း နှစ်ဂိုးအထက် သွင်းယူသည့် ပွဲပေါင်း ၅၃ ရာခိုင်နှုန်း အထိရှိခဲ့သလို ယခုပွဲတွင်လည်း သွင်းဂိုးများမည့်ပွဲ ဖြစ်လာဖွယ်ရှိသည်။
မန်ယူအသင်းတွင် ဂျုံးစ်၊ တဲလက်စ်၊ လင်းဂတ်၊ ဘိုင်လီတို့ ဒဏ်ရာပြဿနာနှင့် မာတီယဲလ်တို့ အနီကဒ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မည်မဟုတ်သလို အာဆင်နယ်အသင်းတွင်လည်း ဒဏ်ရာပြဿနာ ရှိနေသည့် ဝီလီယံ၊ မာရီ၊ ချိန်ဘားစ်၊ ဟိုဒင်းနှင့် မာတီနယ်လီတို့ လည်း ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရသည်။
မန်ယူနှင့် အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်မှုကို ယနေ့ည ၁၁ နာရီအချိန်တွင် မြန်မာပရိသတ်များ ကြည့်ရှုခွင့် ရမည်ဖြစ်သည်။
မေလဲ့သင်း