ရန်ကုန် ၃၁ အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ် လုပ်ငန်းကြီးကြပ်မူ ကော်မတီမှ ကိုဗစ် - ၁၉ ဖြစ်ပွားနေသည့် ကာလအတွင်း ယာဉ်လိုင်းများ ပြေးဆွဲမူ ရပ်နားထားသဖြင့် ယာဉ်အသင်းများသို့ ဆန်အိတ်များ ထောက်ပံပေးအပ်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ် လုပ်ငန်းကြီးကြပ်မူ ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်လင်း၏ ပြောကြားချက်အရသိရသည်။
          
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလအတွင်း ယာဉ်အသင်းဝင်များ စားဝတ်နေရေး အခက်အခဲများရှိလာသဖြင့် ဆန်များကို အဓိက ထောက်ပံပေးခြင်းဖြစ်သည်။ ယခင်ရက်ပိုင်းအတွင်းက ကုန်စည်များနှင့်အတူ ယာဉ်များထွက်ခွင့်ရသော်လည်း ယခုထွက်ခွင့်မရသည့် အခြေအနေတွင် အခက်အခဲများ ရှိလာကြောင်း သိရသည် ။
          
မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်း ကြီးကြပ်မူကော်မတီမှ ယာဉ်အသင်းများ၏ စုဆောင်းငွေမှ ကျပ်သိန်း ၅၀၀ ကျော်ကို ယာဉ်အသင်းများထံ နှစ်စဉ်ပေးအပ်သော အပိုဆုငွေချီးမြှင့်သည့် အစီအစဉ်ဖြင့် ကိုဗစ် - ၁၉ ရောဂါ ပထမလှိုင်းဖြစ်ချိန်တွင် ပေးအပ်ခဲ့ပြီးဖြစ်သည်။ ယခုဒုတိယလှိုင်း ဖြစ်ပွားသည့်ကာလတွင် ယာဉ်အသင်းများ၏ စုဆောင်းငွေများမှ ကျပ်သိန်း ၅၀၀ ကျော်ကို ဆန်အိတ် ၁၉၀၀ ကျော်ဝယ်ယူပြီး ခွဲဝေထောက်ပံပေးမည်ဖြစ်သည်။
        
မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ် လုပ်ငန်းကြီးကြပ်မူကော်မတီ အုပ်ချုပ်မူအောက်တွင် ယာဉ်အသင်းပေါင်း ၅၈၈ သင်းရှိသည်။ စည်းကြပ်ခ ပေးသွင်းပြီး ပြေးဆွဲနေသည့် ယာဉ်အသင်းပေါင်း ၃၀၆ သင်းရှိပြီး စည်းကြပ်ခနှုန်းထား သတ်မှတ်ပြည့်မီအောင် ပေးသွင်းထားခြင်းမရှိသည့် ယာဉ်အသင်းပေါင်း ၂၀၈ သင်းရှိသည်။ ယာဉ်လိုင်းပြေးဆွဲခြင်းမရှိသည့် အသင်း ၇၄ သင်းရှိသည်။
           
ယာဉ်အသင်းများသို့ ဆန်ထောက်ပံပေးရာတွင် ယာဉ်အသင်းများ၏ စည်းကြပ်ခ ပေးသွင်းသည့် အခြေအနေပေါ်မူတည်၍ ယာဉ်အသင်း တာဝန်ရှိသူများထံမှတစ်ဆင့် ဆန်အိတ်များ ခွဲဝေ ထောက်ပံပေးမည်ဖြစ်သည်။ ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကိုလိုက်နာပြီး လူစုလူဝေး မဖြစ်စေရန် ထုတ်ပေးမည်ဖြစ်ပြီး ယာဉ်အသင်းများမှလည်း ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။

အောင်သူရ