ဖရူဆို   ၃၁  အောက်တိုဘာ

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကယားပြည်နယ်တာဝန်ခံနှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းက ဖရူဆိုမြို့ပေါ်ရပ်ကွက်များရှိ မဲရုံများ၌ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များအား ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကယားပြည်နယ်တာဝန်ခံ ဦးစိုးရယ်၊ ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းစိုး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်နိုင်နှင့်  အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့် မဲရုံများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားချက်များ နှင့်အညီ ဆောင်ရွက်ထားရှိမှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး အများပြည်သူလုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် စီမံဆောင်ရွက်ရန် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄) အုပ်စုရှိပြီး  မဲရုံပေါင်း (၃၇)ရုံရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၉၉၅၃)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

တောရယ်(ပြန်/ဆက်)