ပုဗ္ဗသီရိ  ၃၁  အောက်တိုဘာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်) နေ့၌ သီလရှင် (၃၀၁)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၈ နာရီက ဇဝနဒီပရပ်ကွက် ဓမ္မပါလဓမ္မာရုံ၌ ကျင်းပသည်။

 

"နှစ်စဉ် မြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက်များမှ သီလရှင်များအား ဆွမ်းဆန်တော်များကို စီတန်းလောင်းလှူခဲ့ကြောင်း၊ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုကြောင့် လူစုလူဝေး မဖြစ်စေရန်အတွက် စီတန်းလောင်းလှူခြင်းမပြုဘဲ ကျောင်းတစ်ကျောင်းခြင်းစီ သီးခြားဆက်ကပ် လှူဒါန်းခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကာလအတွင်း သီလရှင်စာသင်တိုက်များရှိ သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းနှင့် နဝကမ္မအသုံးအဆောင်ပစ္စည်းများ အခက်အခဲ မဖြစ်စေရန်ရည်ရွယ်၍ လှူဒါန်းခြင်း ဖြစ်ကြောင်း"  ဓမ္မပါလဓမ္မာရုံအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးသန်းစိုးက ပြောသည်။

 

အဆိုပါ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းခြင်းကို မြို့နယ်အတွင်းရှိ သီလရှင်စာသင်တိုက် (၁၀)တိုက်မှ သီလရှင်(၃၀၁)ပါးအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ အားလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငါးပိ၊ ငါးခြောက်စသည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)