အရာတော် ၃၁ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှစကာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ကြိုတင်ဆန္ဒမဲပေးမည့် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင်များ အဆင်ပြေစွာ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ မဲဆန္ဒရှင်ပြည်သူများအား ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့တွင် ခရီးသွားရန်ရှိသော မဲဆန္ဒရှင်၊ တာဝန်အရ မဲဆန္ဒနယ် ပြင်ပသို့ ရောက်ရှိနေမည့် မဲဆန္ဒရှင် (နိုင်ငံ့ဝန်ထမ်း)၊ ရဲစခန်း(သို့မဟုတ်) အကျဉ်းစခန်းများတွင် အချုပ်ခံနေရသူများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ် များ၊ ဆေးရုံများတွင် အတွင်းလူနာအဖြစ် ဆေးဝါကုသမှု ခံနေရသူများ၊ အသက်အရွယ်ကြီးရင့်၍ မဲရုံသို့ မလာရောက်နိုင်သူများ၊ အနာကြီးရောဂါ ဖြစ်ပွားနေသူများ၊ မီးဖွားနေသူများ၊ မသန်စွမ်းသူများအနေဖြင့် ရွေးကောက်ပွဲနေ့ မတိုင်မီ သတ်မှတ်ထားသည့်ရက်အတွင်း ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိကြောင်းနှင့် အရာတော်မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု (၄၂)အုပ်စု၊ မဲရုံပေါင်း (၁၂၃) ရုံတွင် အသက် (၆၀) နှင့်အထက် ကြိုတင် မဲဆန္ဒရှင်ပေါင်း (၂၂၅၁၂)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ဇာဇာခိုင်၏ ပြောကြားချက်အရ သိရှိရသည်။
(မြို့နယ် ပြန်/ဆက်)


