မိုးမိတ် ၂၈ အောက်တိုဘာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ကျေးရွာများ၏ ကျေးလက်နေပြည်သူများ သောက်သုံးလျက်ရှိသော အများသုံး ရေများအား ရေနမူနာရယူကာ ရေအရည်အသွေး စမ်းသပ်စစ်ဆေးပေး လျက်ရှိကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့စစ်ဆေးပေးရာတွင် မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက ကျေးလက်နေ ပြည်သူများ၏ နေ့စဉ်သောက်သုံးလျက်ရှိသော ရေထွက်ပင်ရင်းမှ ရေနမူနာကို ရယူပြီး ရေများတွင် E.coli ပိုး၊ လူနှင့် တိရိစ္ဆာန်များ၏ အညစ်အကြေးများ ပါဝင်မှုရှိအား ၂၄ နာရီအတွင်း စစ်ဆေးပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ E.coli ပိုး၊ အညစ်အကြေးများ ပါဝင်မှုရှိပါက ဝမ်းပျက်၊ ဝမ်းလျှောနှင့် အခြားသောရောဂါများ ဖြစ်ပွားနိုင်သည့် အတွက် သောက်သုံးရန်သင့်မသင့် သိရှိနိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု အန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ စစ်ဆေး ပေးခြင်းဖြစ်ပါကြောင်း မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဘရန်ဆိုင်းက ပြောသည်။
မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိစေရေး မြို့နယ်အတွင်းရှိ ကျေးရွာ(၅၀)၏ တွင်းတိမ်တွင်းနက်၊ လက်တူးတွင်း၊ မြေသားရေကန်များ၊ စိမ့်စမ်းများနှင့် အခြားရေရရှိနိုင်သည့် ရေထွက်ပင်ရင်းများမှ ရေကိုရယူ၍ စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


