နေပြည်တော်  ၂၈  အောက်တိုဘာ

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စပ်မျိုးစပါးသုတေသနဌာနစုရှိ သုတေသနပညာရှင်များသည် မြန်မာ့ရေ၊ မြေသဘာဝနှင့် လိုက်လျောညီထွေသော စပ်မျိုးစပါး မျိုးသစ် မိဘလိုင်းများ ရရှိရန်အတွက် အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (IRRI) နှင့်လည်းကောင်း၊ Golden Sunland ကုမ္ပဏီတို့နှင့် လည်းကောင်း ပူးပေါင်း၍ စပ်မျိုးစပါးသုတေသနကို ၂၀၁၆ - ၂၀၁၇ မိုးရာသီမှ စတင်ကာ မျိုးကူးစပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

 

စပ်မျိုးစပါး မျိုးစေ့ထုတ်ရာတွင် မိဘ (၃) မျိုးပါသောစနစ်၊ မိဘ (၂) မျိုး ပါသောစနစ် နှင့် မိဘမျိုးတစ်မျိုး အသုံးပြုသော စနစ်ဟူ၍ သတ်မှတ်ထားရှိရာ စပ်မျိုးစပါး သုတေသနပညာရှင်များသည် မိဘ (၃) မျိုး (A line၊ B Line၊ R Line) ပါရှိသော စနစ်တွင် အသုံးပြုလိုသော မိဘအတွဲများရရှိရန် သုတေသနပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန မျိုးစေ့ဘဏ် (Seed Bank) မှ ရရှိသော ဒေသတွင်း ဖြစ်ထွန်းမှုကောင်းသော အထွက်နှုန်းကောင်းမျိုး၊ IRRI မှ ရရှိလာသော အထွက်ကောင်းမျိုးတို့အား စပ်မျိုးစပါး သုတေသနဌာနစုရှိ အဖိုမြုံအမလိုင်းများ (CMS line) ကို အသုံးပြု၍ မျိုးကူးစပ်သုတေသနပြု ဆောင်ရွက်နေခြင်း ဖြစ်‌‌ကြောင်း အဆိုပါ သုတေသန ပညာရှင်များထံမှ သိရသည်။

 

ယခုအခါ အလားအလာကောင်းသော စပ်မျိုးအတွဲများ ရရှိနေပြီဖြစ်သောကြောင့် စမ်းသပ်မျိုးစေ့ ထုတ်ခြင်း၊ ရရှိလာသော (F1) မျိုးစေ့အား အခြားစပ်မျိုးများဖြင့် ယှဉ်ပြိုင်စိုက်ပျိုးအကဲဖြတ်ခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။ လာမည် ၂၀၂၀ -၂၀၂၁ ခုနှစ် နွေစပါးရာသီတွင် စမ်းသပ်စိုက်ပျိုး မျိုးရွေးချယ်ခြင်းများ ဆောင်ရွက်ပြီးပါက (A line) နှင့် (B Line) မျိုးတွဲအသစ်များ ရရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။ ထိုနည်းတူစွာ တရုတ်နိုင်ငံ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် မြန်မာ- တရုတ် စပ်မျိုးစပါးသုတေသနစင်တာ (Myanmar- China Hybrid Rice Research Center) ကို မန္တလေးတိုင်းဒေသကြီး လွန်ကျော်စိုက်ပျိုးရေး သုတေသနခြံတွင် တည်ထောင်ဆောင်ရွက် ရန်ကိုလည်း သဘောတူညီချက် ရရှိထားပြီးဖြစ်ရာ မြန်မာနိုင်ငံ ဒေသတွင်း ဝမ်းစာဖူလုံရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်နိုင်မည့် စပ်မျိုးစပါးသုတေသနကိုလည်း ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မေမိုးသဲ