လေးမျက်နှာ  ၂၈  အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  မဲရုံအသီးသီး၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၈၈) ဦးအား ယနေ့နံနက် ၉  နာရီက သံသရာ ငြိမ်းအေး စတုမုခဇေယျ သိဒ္ဓိစေတီတော်မြတ်ကြီးဝန်းအတွင်း ဓမ္မာရုံ၌ သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ဆွေသိန်းနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းတို့မှ အထူးရဲ တပ်ဖွဲ့ဝင်များ မဲရုံလုံခြုံရေးတာဝန်များ ထမ်းဆောင်ရာတွင် သိရှိလိုက်နာ ဆောင်ရွက်ရမည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများ၊ ရွေးကောက်ပွဲ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံနှုန်းများနှင့် ကြေညာ စာတမ်းများကို စာတွေ့လက်တွေ့ သင်ကြားလေ့ကျင့်ပေးခဲ့ပြီဖြစ်ရာ ရွေးကောက်ပွဲတွင် အခြေခံ အကျဆုံး တာဝန် ထမ်းဆောင်ရမည့် အထူးရဲများအနေဖြင့်  ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မမျှော်မှန်းနိုင်သော လုပ်ငန်းတာဝန်များကို ဘက်ပေါင်းစုံမှကြည့်ပြီး ဥပဒေ၊ လုပ်ထုံး လုပ်နည်း သတ်မှတ်ချက်များနှင့်အညီ သတိကြီးစွာ ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကြီးကို တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားကြစေလိုကြောင်း၊ အထွေထွေရွေးကောက်ပွဲ ပြီးစီးသွားပါက သတ်မှတ်ချက်နှင့် ကိုက်ညီသူများအနေဖြင့် ဆန္ဒရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သို့ ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

 

လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံပေါင်း (၁၈၈)ရုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများဆန္ဒမဲပေးရာတွင် စိတ်အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ(၁၈၈)ဦး တာဝန်ပေး ခန့်အပ်ထားကြောင်း သိရှိရသည်။

 

မဲရုံ အသီးသီးတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲ(၁၈၈)ဦးကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်ကာ အောက်တိုဘာ ၂၈ ရက်နေ့အထိ သင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)