ပဲခူး  ၂၆  အောက်တိုဘာ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် အောက်တိုဘာလ (၂၅)ရက်  နံနက်ပိုင်းက လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးဦးဉာဏ်ဇော်၊ အစိုးရအဖွဲ့ရုံး ဒုတိယ ညွှန်ကြားရေးမှူး‌ ဦးအောင်ဆွေ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရွာသာယာကျေးရွာအုပ်စုရှိ ရှေးဟောင်း သမိုင်းဝင် ဖိုးဦးတောင်စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။

 

mdn

 

ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးအောင်ကျော်လူက ဖိုးဦးတောင်စေတီတော်မြတ်ကြီးသို့ သွားရာလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်‌ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ကျန်ရှိနေသေးသည့်အပိုင်းများကိုလည်း ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေ နှင့်ပတ်သက်၍ ပန်းတောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းနိုင်ကလည်းကောင်း၊ ဘုရားပွဲတော် ကျင်းပ မည့်မြေနေရာ၊ ယာဉ်ရပ်နားစခန်းနှင့် ဓာတ်လှေကားတည်ဆောက်မည့် မြေနေရာများနှင့် ပတ်သက်၍  မြို့နယ်အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်း၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့တို့က လည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက်  အသီးသီးရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ကဏ္ဍအလိုက်စေတနာထားကာ အကောင်းဆုံး ဆောင်ရွက် လုပ်ဆောင်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)