မန္တလေး ၂၅ အောက်တိုဘာ
မြန်မာမှု လက်မှုအနုပညာမြောက် ပစ္စည်းများထဲတွင် ပြည်တွင်းပြည်ပ ခရီးသွားများ အထူးသဘောကျသည့် ပစ္စည်းတစ်မျိုးမှာ မြန်မာ့ယွန်းထည်ပစ္စည်းများပင် ဖြစ်သည်။ အနုပညာမြောက် ယွန်းထည်များကို အများဆုံးပြုလုပ်သည်မှာ ပုဂံဒေသနှင့် ညောင်ဦးဒေသပင် ဖြစ်သည်။
မြန်မာ့ယွန်း အနုပညာအထည်များကို မြန်မာနိုင်ငံအနှံ့အပြားရှိ သမိုင်းဝင်နေရာများတွင် ခမ်းနားစွာပြင်ဆင်ထားရှိကာ ရောင်းချခြင်းနှင့်အတူ တန်ဖိုးမြင့် ယွန်းအနုပညာပစ္စည်းများကို လေယာဉ်ကွင်းနှင့် မြို့ပြဒေသ အနုပညာပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချကြသည်။ လုပ်ကိုင်ပုံနည်းစနစ်အရ ဈေးနှုန်းအမျိုးမျိုးကွာခြားသွားပြီး တန်ဖိုးနည်းယွန်းထည်များမှာ ငွေကျပ်သုံးထောင်ကျော်၊ အနုပညာလက်ရာမြောက် တန်ဖိုးမြင့်ယွန်းထည်တစ်ခုလျှင် ငွေကျပ်သုံးသောင်းကျော်မှ သိန်းနှစ်ဆယ်ကျော်အထိရှိကြောင်း သိရသည်။
မြန်မာ့လက်မှုယွန်းအနုပညာသည် ခေတ်အဆက်ဆက် ဖြတ်သန်းမှုများနှင့်အတူ နည်းစနစ်သစ်များပါ ပေါင်းစပ်ကာ တဖြည်းဖြည်း တိုးတက်လာခဲ့သည်။ ရှေးခေတ်အခါက အနက်ထည် ယွန်းထည်အဆင့်မှ ညောင်ရမ်းခေတ် ရောက်သည့်ကာလတွင် ကညစ်ယွန်းထိုးအဆင့်အထိ တိုးတက်လာကြောင်း သိရသည်။ လက်ရှိကာလတွင် ယွန်းထည်ပစ္စည်းအမျိုးမျိုးကို ကညစ်ယွန်း၊ ရွှေစဝါယွန်း၊ သရိုးပန်းကြွယွန်း၊ မှန်စီရွှေချယွန်း၊ မံယွန်းတို့ကို ဒီဇိုင်းအမျိုးမျိုး ပုံစံအထွေထွေဖြင့် စိတ်ဝင်စားအောင် ပြုလုပ်လာနိုင်ခဲ့သည်။
မြန်မာ့ယွန်းအနုပညာအထည်များ ပြုလုပ်ရာတွင် အခြေခံအားဖြင့် ခွေထည်၊ ရက်ထည်၊ ပုတ်ထည်၊ ကြောင်လိမ်ထည်ဆိုသော ရက်လုပ်နည်းများဖြင့် ရက်လုပ်ကြသည်။ အများအားဖြင့် ပန်းကန်ပြား၊ ပန်းကန်လုံး၊ ပန်းအိုး၊ စဉ့်အိုး၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေနွေးပန်းကန်လုံး၊ မင်္ဂလာအုပ်၊ ဇီးကွက်ရုပ်၊ ဆေးလိပ်ပြာခံခွက်တို့ကို ခွေထည်နည်းဖြင့် ပြုလုပ်ကြသည်။ ထမင်းချိုင့်၊ လင်ပန်း၊ ကလပ်၊ ကွမ်းအစ်၊ ဘိအစ်၊ သစ်သီးခြင်းယွန်းထည်များကို ရက်ထည်နည်းဖြင့် ပြုလုပ်ကြသည်။ ရေခွက်အမျိုးမျိုး၊ ကွမ်းအစ်အမျိုးမျိုးနှင့်အတူ လှပသော စီးကရက်ဘူးယွန်းထည်များကို ပုတ်ထည်နှင့် ကြောင်လိမ်ထည် တွဲစပ်လုပ်ကိုင်ရကြောင်း သိရသည်။
တိမ်တမန်


