မန္တလေး ၂၁ အောက်တိုဘာ
မန္တလေးမြို့ရှိ ရပ်ကွက်များတွင် လုပ်ငန်းရှင်များထံမှ အထည်များယူကာ ရာသီအလိုက် အပ်ထည်အမျိုးမျိုးနှင့် ဖုန်းထည့်သည့် လွယ်အိတ်အသေးများ လက်ခံချုပ်လုပ်လျက်ရှိရာ ပုံမှန်ဝင်ငွေရရှိကြောင်း သိရသည်။
မန္တလေးမြို့သစ်ရှိ ရပ်ကွက်များတွင် အိမ်မှုကိစ္စလုပ်ကိုင်ကာ တစ်ဖက်တွင် အပိုဝင်ငွေရရှိရန် စက်ချုပ်လုပ်ငန်း လုပ်ဆောင်ကြသည်။ စက်ချုပ်လုပ်ငန်းတွင် အထည်ကုန်သည်များထံမှ ချည်ထည်(လုံချည်) နှစ်ဆယ်ကွင်းပါ အထည်အုပ်များကို ယူကာ အငှားချုပ်ခြင်း၊ ပါတီတံဆိပ်ပါ ဖုန်းအိတ်များချုပ်ခြင်း၊ ဖုန်းထည့်သည့် လွယ်အိတ်ငယ်များ ချုပ်ခြင်းနှင့် အခြား ရာသီအလိုက်အပ်ထည်များကို ချုပ်ကြရသည်။
ချည်ထည်(ထမီ) တစ်ကွင်းလျှင် အထပ်ဆင်တပ်ပြီး ငွေကျပ်(၄၀)ရရှိသည်။ လူတစ်ဦးလျှင် အနည်းဆုံးတစ်နေ့ အထည်သုံးရာကျော်အထိ ရရှိသည်။ လက်ရှိကာလ ပွင့်လင်းရာသီတွင် ထမီအထပ်တပ်သည့် လုပ်ငန်းနှင့်အတူ ဖုန်းထည့်သည့် လွယ်အိတ်များကို တွင်တွင်ကျယ်ကျယ် ချုပ်ပေးနေရသည်။ ဖုန်းထည့်သည့် လွယ်အိတ်ချုပ်ရာတွင် လွယ်အိတ်အသေးတစ်လုံး ငွေကျပ် (၁၀၀)ရရှိပြီး တစ်နေ့လျှင် လူတစ်ဦးလျှင် လုပ်အားခငွေကျပ် (၆၀၀၀)မှ (၈၀၀၀)အထိ ရရှိကြောင်း သိရသည်။
မန္တလေးမြို့ခံ ရပ်ကွက်သူရပ်ကွက်သားများ၊ နယ်မှလာရောက် အလုပ်ရှာကာ အလုပ်လုပ်သည့် မိန်းကလေးများမှာ စက်ချုပ်စက် အဟောင်းတစ်လုံး ငွေကျပ် ၆၀၀၀၀ တန်ဝယ်ယူ၍ စက်ချုပ်စက်နင်းသင်ယူကာ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ကြသည်။ စက်ချုပ်လုပ်ငန်း အကြမ်းထည်ချုပ်တတ်လျှင်ပင် အလုပ်ဖြစ်သည့်အတွက် စက်ချုပ်လုပ်ငန်းကို လုပ်ကိုင်နိုင်ကာ အလွယ်ကူဆုံး အလုပ်အကိုင် ရှာဖွေနိုင်သည်။ စက်ချုပ်လုပ်ငန်းကို မိသားစုလိုက် လုပ်ကိုင်သည်လည်းရှိသည်။ လက်ရှိကာလတွင် မန္တလေးမြို့ရှိ ရပ်ကွက်များတွင် ထမီအထပ်ဆင် တပ်ခြင်းနှင့်အတူ ဖုန်းထည့်သည့် လွယ်အိတ်ကလေးများ ချုပ်လုပ်သည့် လုပ်ငန်းများ လုပ်ကိုင်ကာ အလုပ်အကိုင် အခွင့်အလမ်းဖန်တီးလျက်ရှိရာ ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
တိမ်တမန်


