နေပြည်တော် ၂၁ အောက်တိုဘာ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့မွန်းလွဲပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဌာနေကိုယ်စားလှယ် Mr. Stephan Sakaliane နှင့် အဖွဲ့အား Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ICRC မှ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ (၂၀၂၁) ခုနှစ်တွင် ဆောင်ရွက်လိုသည့်လုပ်ငန်းများနှင့် ICRC အဖွဲ့ဝင်များ ကိုဗစ်-၁၉ ဖြစ်ပွားပါက သယ်ယူရွှေ့ပြောင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်ဆွေးနွေးကြသည်။

 

Mr. Stephan Sakaliane က ရခိုင်ပြည်နယ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအတွက် ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး (Physical Rehabilitation) လုပ်ငန်းများအား စစ်တွေပြည်သူ့ဆေးရုံကြီး၌ ပူးပေါင်းဆောင်ရွက်သွားလိုပါကြောင်း၊  ရှမ်းပြည်နယ်တွင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကိုဗစ်-၁၉ ဖြစ်ပွားမှုများကြောင့် ရပ်ဆိုင်းနေရပြီး အတတ်နိုင်ဆုံး ပြန်လည်စတင်လိုပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ICRC တို့သည် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှုများ အားဖြည့်မြှင့်တင်ရေးအတွက် သဘောတူညီမှုစာချွန်လွှာ ()ခုကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါ လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ICRC မြန်မာနိုင်ငံဆိုင်ရာ (၂၀၂၁) ခုနှစ် ဘဏ္ဍာငွေများကို တိုးမြှင့်သုံးစွဲမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်လည်း ပိုမိုသုံးစွဲသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှု အချက်အလက်များကို တင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တွင် ဝန်ကြီးဌာနလုပ်ငန်းများ ဆောင်ရွက်မှုများ၊ ICRC နှင့် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံတကာမှ သိရှိနိုင်စေရန်အတွက်ကိုလည်း အလေးထား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးအတွက် ဝန်ကြီးဌာနတွင် ICRC နှင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများအား စောင့်ကြည့်အကဲဖြတ်မှုနှင့် ပံ့ပိုးမှုဆိုင်ရာ (focal) အဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊ ICRC အနေဖြင့် ဝန်ကြီးဌာန၏ အဆိုပါအဖွဲ့နှင့် ပုံမှန်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဝန်ကြီးဌာနမှ ပံ့ပိုးရမည့်ကိစ္စရပ်များကိုလည်း အဆိုပါအဖွဲ့ထံသို့ ဆက်သွယ်ပြောကြားနိုင်ပါကြောင်း။

 

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် လူမျိုး၊ ဘာသာ၊ ကျား၊ ခွဲခြားဘက်လိုက်မှုမရှိဘဲ လိုအပ်သူများကို လိုအပ်သည့် အကူအညီပေးရန်မှာ အထူးအရေး ကြီးကြောင်း၊ ICRC ကျန်းမာရေးကဏ္ဍဆိုင်ရာ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ မိမိအနေဖြင့် အသိအမှတ်ပြု ထောက်ခံပါကြောင်း၊ ICRC အဖွဲ့သည် မြန်မာနိုင်ငံ၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် များစွာ ပူးပေါင်းပံ့ပိုးဆောင်ရွက် နေမှုများသည် ကောင်းမွန်ပါကြောင်း၊ ကျိုင်းတုံနှင့် မြစ်ကြီးနားမြို့များတွင် ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး စင်တာများဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများသည် ကောင်းမွန်ပြီး စစ်တွေပြည်သူ့ဆေးရုံကြီး၌ ကိုယ်ခန္ဓာ ပြန်လည်သန်စွမ်းရေး (Physical Rehabilitation) လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားမည်မှာ ကောင်းမွန်သဖြင့် သဘောတူပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်