ရှမ်းရွာသစ် ၂၁ အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အသက် (၉) နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေး ငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲ (၂)နာရီက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ(HPV)ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ရှမ်းရွာသစ်မြို့ရှိ စာရင်းကောက်ယူထားသည့် အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးငယ်များအား ပထမအကြိမ် စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊  သားအိမ်ခေါင်းကင်ဆာ အများစုသည် (HPV)ပိုးကြောင့်ဖြစ်ပြီး (HPV) ပိုးအမျိုးအစား (၁၆) နှင့်(၁၈)ပိုးများက သားအိမ်ခေါင်းကင်ဆာ အားလုံး၏ (၇၀) ရာခိုင်နှုန်းဖြစ်ပွားကြောင်း စသည်ဖြင့် အသိပညာပေးခဲ့ပြီး ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။

 

၎င်းကာကွယ်ဆေးကို မိန်းကလေးငယ်များ တစ်နှစ်ခြား (၂)ကြိမ် ဆောလျင်စွာ ထိုးနှံပေးခြင်းအားဖြင့်‌ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်ပြီး  စာရင်းကောက်ယူထားသော မိန်းကလေးငယ်များ မကျန်ရှိစေရေးအတွက်  စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရှိရသည်။

 

ဇင်လေး(ပြန်/ဆက်)

 

mdn