မကွေး ၂၁ အောက်တိုဘာ
အနာကြီးရောဂါသည်များ၏ ကိုယ်အင်္ဂါချို့ယွင်းမှုကို အဆင့်(၃)ဆင့် ခွဲခြားသတ်မှတ်ထားပြီး ယင်းတို့ထဲမှ အဆင့်(၂) သတ်မှတ်ခံရသည့် မကွေးတိုင်းအတွင်းရှိ အနာကြီးရောဂါ ခံစားနေရသူ ၃၅၀ဝ ကို တစ်ဦးလျှင် ကျပ်(၅)သောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်နေကြောင်း မကွေးတိုင်းဒေသကြီး အနာကြီး ရောဂါတိုက်ဖျက်ရေးဌာနစိတ် တာဝန်ရှိသူထံက သိရသည်။
အနာကြီးရောဂါနှင့်ပတ်သက်၍ အဆင့် (ဝ) ကိုယ်အင်္ဂါမချို့ယွင်းသေးသည့်အနာကြီး ရောဂါ သည်၊ အဆင့်(၁) ကိုယ်အင်္ဂါချို့ယွင်းစ အနာကြီးရောဂါသည် ၊ အဆင့်(၂) ကိုယ်အင်္ဂါချို့ယွင်းနေ သည့် အနာကြီးရောဂါသည်ဟု ခွဲခြား သတ်မှတ်ထားသည်။
" ကိုဗစ်ကာလမှာ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိတဲ့ အနာကြီး ရောဂါသည်တွေအတွက် ပြည်ထောင်စုအစိုးရက ထောက်ပံ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊စက်တင်ဘာ လကတည်းကစပြီး အခြေခံကျန်းမာရေး ဝန်ထမ်းတွေ ၊ သားဖွားဆရာမတွေက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ ပေးခဲ့တာပါ '' ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနစိတ် တာဝန်ခံ ဦးညီညီလွင် က ပြောသည်။
မကွေးတိုင်း ဒေသကြီးတွင် အနာကြီး ရောဂါဝေဒနာခံစားခဲ့ရပြီး ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့် ၃ ဆင့်၌ အကျုံးဝင်သူဦးရေ (၁)သောင်းခန့်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ ဌာနခွဲများက ကောက်ယူ ထားသည့် စာရင်းဇယားများအရ သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မကွေးတိုင်းဒေသကြီး၏ အနာကြီးရောဂါဖြစ်ပွားမှုမှာ (ဝ.၅၄) ဖြစ်ကြောင်း သိရပြီး အဆင့် ၂ အနာကြီးရောဂါသည် ထောက်ပံမှုမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ် ကြောင်း မကွေးတိုင်းဒေသကြီး၊ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနစိတ် တာဝန်ရှိသူထံက သိရသည်။
ဇေယျတု ( မကွေး)


