နွားထိုးကြီး ၂၀ အောက်တိုဘာ
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်က မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
လှူဒါန်းပွဲတွင် ကမ္ဘောဇဘဏ် (နွားထိုးကြီးဘဏ်ခွဲ)မှ တာဝန်ခံ ဦးဝေဖြိုးမင်းနှင့် ဝန်ထမ်းများက ပိုးတွေ့လူနာများနှင့် ၎င်းတို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေကြသည့် ဝန်ထမ်းများအတွက် ဆေးရုံသုံး Mask ၃၀၀၀၀၊ ခေါင်းစွပ် ၅၀၀၊ လက်အိတ် ၃၀၀၀၊ မျက်နှာအကာ Face Shield ၂၀၀၊ Hand Gel ဘူးကြီး ၂၀၀၊ PPE ဝတ်စုံ ၅၀ နှင့် ဆေးရုံကြီးအတွက် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ကာလ အထွေထွေအသုံးပြုနိုင်ရန် ငွေကျပ်သိန်း ၅၀ တို့ကို ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်ကျော်ဦးနှင့် ဆရာဝန်၊ သူနာပြုများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားခင် ဖေဖော်ဝါရီ ၂၆ ရက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေကျပ် ၇၇,၇၃၆ သိန်း လှူဒါန်းထားကြောင်း သိရှိရသည်။
ကိုကျော်


