နေပြည်တော် ၁၆ အောက်တိုဘာ
ပျဉ်းမနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိအမှူးပြုသော ဆရာတော်ကြီး ၅ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဝိမလဗုဒ္ဓိထံမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို အမှူးပြုသော ဌာနဆိုင်ရာအကြီးအကဲများက ငါးပါး သီလခံယူဆောက်တည်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများနှင့် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာပရိယတ္တိစာသင်တိုက်၊ ဆွမ်းစားကျောင်းဆောင်၌ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာ သီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းသည်။
ယနေ့တွင် ပျဉ်းမနားမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၁၀ ကျောင်း၊ သီလရှင်ကျောင်း ၄ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၆၁၂ ပါး၊ သီလရှင် ၁၂၇ ပါးတို့ အတွက် ဆွမ်းဆန်တော် ၁၁၃ အိတ်ကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်း ၆ ကျောင်း၊ သီလရှင် ကျောင်း ၃ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၄၁၃ ပါး၊ သီလရှင် ၂၅၅ ပါးတို့ အတွက် ဆွမ်းဆန်တော် ၁၀၁ အိတ်ကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၈ ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ ၄၅၂ ပါး၊ သီလရှင် ၁၅ ပါး တို့အတွက် ဆွမ်းဆန်တော် ၈၁ အိတ်ကို လည်းကောင်း လှူဒါန်းခဲ့ရာ စုစုပေါင်း ဆွမ်းဆန်တော် ၂၉၅ အိတ် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


