ပြင်ဦးလွင် ၁၅ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးအတွက် စက်တင်ဘာ ၁၅ ရက် မွန်းလွဲ (၁) နာရီမှ စတင်ကာ ပြင်ဦးလွင်ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသန်းဝင်း ဦးဆောင်သော ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၁) တပ်မတော် စစ်ဆေးရုံ ခုတင်(၇၀၀)မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ သွားရောက်မည့် ကုန်တင်ယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Diagnosis Test များဖြင့်  ပထမအသုတ် စစ်ဆေးခဲ့ရာ (၂)ဦးတွင် COVID-19 ပိုးတွေ့ရှိကြောင်း သိရှိရသည်။

 

မြို့နယ်အတွင်းဖြတ်သန်း၍ ရှမ်းပြည်နယ်သို့ သွားရောက်မည့်အဝေးပြေး ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ စုစုပေါင်း(၂၁၉)ဦးတို့ကို နှာခေါင်းတို့ဖတ်ယူစစ်ဆေးပေးခဲ့ပြီး အဆိုပါ စစ်ဆေးမှုတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ (၂)ဦးရှိပြီး လိုအပ်သည့်ကုသမှုများအတွက် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့၍ကုသမှုခံယူသွားမည်ဖြစ်ကြောင်း သိရသည်။

 

 ပြင်ဦးလွင်ကားကြီးကွင်းအတွင်း အောက်တိုဘာ(၃)ရက်နေ့စစ်ဆေးမှုတွင် covid 19 ပိုးတွေ့ရှိသူ(၁)ဦးနှင့် ဝက်ဝံကျေးရွာအခြေပြု ပူးပေါင်းစစ်ဆေးရေးဂိတ်၌ အဝေးပြေးကုန်တင်ယာဉ်  ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား အောက်တိုဘာ (၇) ရက်မှ ယနေ့အထိ လူဦးရေ (၂၀၀၀)ကျော် စစ်ဆေးခဲ့ရာ covid 19 ပိုးတွေ့ရှိသူ (၄)ဦး၊ စုစုပေါင်း(၅)ဦးခန့်ရှိပြီဖြစ်ပြီး ဆက်စပ်ထိစပ်မှုရှိနိုင်သည့်သူများအား ဆက်လက်စုံစမ်းပြီး ဆောင်ရွက်သင့်သည်များအား လိုအပ်သလို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။

 

မြတ်ဆုမွန်