ပွင့်ဖြူ    ၁၆    အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Covid–19  ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ စာပေဝါသနာရှင်များနှင့် စာဖတ်တတ်သူတိုင်း စာပေအသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်ကာ  မြို့နယ်ပြည်သူ့စာကြည့်တိုက်(Online Page)မှ တစ်ဆင့် သုတရသစာအုပ် အညွှန်းမိတ်ဆက်ခြင်း အစီအစဉ်အား အောက်တိုဘာ ၁၅ ရက် ၊ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ သုတရသစာအုပ်အညွှန်း မိတ်ဆက်ခြင်းအစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်းပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်(Online Page) မှ တစ်ဆင့် ပြည်သူများ စာပေအသိပညာ တိုးပွားစေရေးအတွက် ရှာဖွေ ဖတ်ရှုနိုင်ရန် စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်နေကြောင်း သိရကာ ယခုတစ်ပတ်တွင် မြို့နယ်(Book Club)အဖွဲ့မှ တွဲဖက်အတွင်းရေးမှူးဖြစ်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကျော်စိုးက စာရေးဆရာ ဒေါက်တာမတင်ဝင်း ရေးသားသည့် “ကျေးဇူးတင်ပါတယ် ဖေဖေ ၊ ကျေးဇူးတင်ပါတယ် မေမေ စာအုပ်အား စာပေဝါသနာရှင်များ ရှာဖွေဖတ်ရှု နိုင်ရန် စာအုပ်အညွှန်းမိတ်ဆက်ခြင်း အစီအစဉ်အဖြစ် မျှဝေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

 

စာရေးဆရာ ဒေါက်တာမတင်ဝင်း ရေးသားသည့် “ကျေးဇူးတင်ပါတယ် ဖေဖေ ၊ ကျေးဇူးတင်ပါတယ် မေမေ စာအုပ်တွင် လူတိုင်းလူတိုင်း ကြီးပွားချမ်းသာစေရန် လိမ္မာယဉ်ကျေးသူများဖြစ်အောင် ပြုမူနေထိုင်ရမည့် အချက်များ ၊ စည်းကမ်းသည် လူ၏ တန်ဖိုးဖြစ်သလို ၊ စည်းကမ်းရှိမှ တိုးတက်အောင်မြင် နိုင်မည်ဖြစ်ကြောင်း ၊ လူအများစုသည် ရွှေငွေရှိမှ လူရာဝင်စေကြောင်း ၊ ရိုးရိုးသားဖြင့် ကြိုးစားပါက အောင်မြင်မှုပန်းတိုင် ရရှိစေကြောင်း စသည့်သိမှတ်ဖွယ်ရာများ ပါဝင်ကြောင်း သိရသည်။

 

ကမ္ဘာတစ်ဝှမ်း ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလတွင်  ပြည်သူများ စာပေအသိပညာ တိုးပွားစေရေးအတွက် သုတရသ စာအုပ်အညွှန်း မိတ်ဆက်ပေးရာတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ(Book Club) အသင်းဉက္ကဌ ဦးစောလွင် မှ ဦးဆောင်ကာ အသင်းအဖွဲ့ဝင်များက ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး ၊ ကလေးကြိုက်ကဗျာများ အပါအဝင် ဗဟုသုတ မျိုးစုံရရှိစေသော စာအုပ်ကောင်းများကို မျှဝေမိတ်ဆက်ပေးနေကြောင်း သိရသည်။ အဆိုပါ စာအုပ်အညွှန်းမိတ်ဆက်ခြင်း အစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်(Online Page)မှ တစ်ဆင့် အများပြည်သူ လေ့လာနိုင်ရန် အပတ်စဉ် ကြာသာပတေး နေ့တိုင်း ထုတ်လွှင့်တင်ဆက်ပေးနေကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် က ပြောသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )