လွိုင်ကော် ၁၄ အောက်တိုဘာ

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အကျိုးအာနိသင်ရှိသည့် တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိရာ ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးဖြစ်သည့် ကိုဗစ်နိုင်ဆေးလျှက်ဆား KOBITNAL MEDICAL SALT အား ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချခြင်း ရှိ/မရှိကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက် စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့ပူးပေါင်း၍ လူမှုကွန်ရက် စာမျက်နှာ (Facebook) ပေါ်တွင်ရောင်းချလျက်ရှိသည့် ကိုဗစ်နိုင်ဆေး လျှက်ဆား KOBITNAL MEDICAL SALT  တိုင်းရင်းဆေးသည် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်သည့်အပြင် စစ်မှန်စွမ်းထက်မှုကို အာမခံချက်မပေးနိုင်သောကြောင့် လွိုင်ကော်မြို့နယ်အတွင်းရှိ ပြည်သူများ သုံးစွဲမှုမရှိစေရေးအတွက် ဆေးဆိုင်များ၌ တင်သွင်းရောင်းချမှုရှိ/ မရှိသွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ရာ လွိုင်ကော်မြို့အတွင်း ဆေးဆိုင်များတွင် တင်သွင်းရောင်းချမှုမရှိကြောင်းတွေ့ရှိရသဖြင့် အဆိုပါဆေးနှင့်စပ်လျဉ်း၍ ဆေးဆိုင်များ၌ တင်သွင်းရောင်းချခြင်းမပြုရန် မှာကြားခဲ့ကြောင်းသိရသည်။

 

စိုးလှိုင်ဌေး(ပြန်/ဆက်)

 

mdn