မန္တလေး ၁၄ အောက်တိုဘာ
နယ်သာလန်နိုင်ငံနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်မည့် ဒုဌဝတီမြစ်ရေကို သန့်စင်၍ ပြည်ကြီးတံခွန်မြို့နယ်အတွက် ရေပေးဝေရေးစီမံကိန်းကို ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှသာ စတင်နိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်က ပြောကြားသည်။
ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများဆောင်ရွက်ရန် အဆင်မပြေသဖြင့် စီမံကိန်း စတင်နိုင်ခြင်း မရှိသေးသော်လည်း နှစ်ဖက်တာဝန်ရှိသူများ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
“နှစ်ဖက်တာဝန်ရှိသူတွေ ညှိနှိုင်းနေပါတယ်၊ မကြာခင်မှာတော့ စီမံကိန်းကို အကောင်အထည် ဖော်တော့မှာ ဖြစ်ပါတယ်၊ ကိုဗစ်ရောဂါကြောင့် လုပ်သားတွေလျှော့ချတာတွေရှိတယ်၊ လူစုလူဝေး မဖြစ်အောင် တားမြစ်ထားတာဆိုတော့ လက်ရှိအချိန်မှာတော့လုပ်ငန်းစဖို့က အခက်အခဲ ရှိသေးတယ် ”ဟု ဦးစောဟန် က ပြောကြားသည်။
“ပြည်ကြီးတံခွန်မြို့နယ်မှာ ရေရရှိရေးစီမံကိန်း JICA Grant Project အစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ်မှာ စတင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်၊ မြို့နယ်အတွင်းမှာရှိတဲ့ (၅)ရပ်ကွက်ကို ရေပေးဝေလျက်ရှိပါတယ်၊ ကျန်ရှိတဲ့(၁၃)ရပ်ကွက်ကို ဒုဌဝတီမြစ်ရေကို သန့်စင်၍ ရေပေးဝေနိုင်အောင် ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ကြောင့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှ စတင်နိုင်မှာဖြစ်ပါတယ်”ဟု ၎င်း က ဆက်လက်ပြောကြားသည်။
အဆိုပါ စီမံကိန်းကို ပြည်ကြီးတံခွန်မြို့နယ်ရှိ လူဦးရေ၏ (၇၀)ရာခိုင်နှုန်း အတွက် ဒုဌဝတီမြစ်ရေကို သန့်စင်၍ ရေပေးဝေရေးလုပ်ဆောင်ရန်အတွက် နယ်သာလန်နိုင်ငံမှ ပံ့ပိုးငွေ ယူရို (၂၉ဒသမ၉၆) သန်းနှင့် FMO နှင့်ING ချေးငွေ ယူရို(၂၉ ဒသမ ၉၆)သန်း စုစုပေါင်းယူရို(၅၉ဒသမ၉၂)သန်း တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်း စတင်ရန် အခက်အခဲများရှိနေကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အမရပူရမြို့နယ်၊ တလင်းကြီး ကျေးရွာတွင် ရေသန့်စင် စက်ရုံ တည်ဆောက်ခြင်း၊ ရေပို့ပိုက်လိုင်းများ ဆောင်ရွက်ခြင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရေတွန်း စက်ရုံနှင့် ရေလှောင်ကန်တည်ဆောက်ခြင်း၊ ပင်မရေပိုက်လိုင်းများ ဆက်သွယ်ချထားခြင်း၊ ရေလေလွင့် ဆုံးရှုံးမှုမရှိစေရန် District Meter Area(DMA) ဇုန်များတည်ဆောက်ခြင်း၊ မီးဘေးအန္တရာယ် ကာကွယ်ရန် မီးသတ်ငုတ်များ တပ်ဆင်ခြင်း၊ အိမ်သွယ်ပိုက်လိုင်းများ ဆက်သွယ် ချထားခြင်းနှင့် ရေမီတာများ တပ်ဆင်ခြင်း အစရှိသော လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။
သန်းဇော်မင်း(ပြန်/ဆက်)


