ဟားခါး ၁၄ အောက်တိုဘာ

 

ချင်းပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း မော်တော်ယာဉ်စီးနင်းသူများပိုမိုများပြားလာသည့်အတွက် ယာဉ်တိုက်မှု လျော့နည်း ပပျောက်စေရေးရည်ရွယ်၍ ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးခြင်းကို ယနေ့ နံနက် ၉နာရီက ဟားခါးမြို့ လမ်းဆုံနေရာများတွင် အမှတ်(၁၆) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက် ပေးခဲ့ကြသည်။

 

အဆိုပါ ရောင်ပြန်(Sticker)များ ကပ်နှိပ်ခြင်းဆောင်ရွက်ရာတွင် အမှတ်(၁၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင် ဦးဆောင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များက ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးရခြင်းများနှင့်ပတ်သက်၍ လည်းကောင်း၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ သတ်မှတ်ထားသော ဆိုင်ကယ်ဦးထုပ်များဆောင်း၍မောင်းနှင်ကြရန်၊ ယာဉ်မောင်း လိုင်စင်၊ ယာဉ်လိုင်စင်များ ယာဉ်နှင့်အတူ ပါရှိရန်၊ မော်တော်ဆိုင်ကယ်၏ ရှေ့မီးဖွင့်၍ မောင်းနှင်ကြရန်၊နောက်ကြည့်မှန် တပ်ဆင်ထားရှိရန်၊ သတ်မှတ်အရေအတွက်ဦးရေထက်ပို၍ စီးနင်းခြင်းများ မပြုလုပ်ကြရန် အသိပညာပေးခြင်းနှင့် အသစ်ထုတ်ပြန်ထားသည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေအသစ်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ပြည်သူများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

 

ဟားခါးမြို့နယ်အတွင်း မော်တော်ယာဉ်စီးနင်းသူများ ပိုမိုများပြားလာသည်နှင့်အမျှ ယာဉ်တိုက်မှု ဖြစ်ပွားရာတွင် နေ့ဘက်ယာဉ်တိုက်မှု ဖြစ်ပွားနှုန်းထက် ညဘက်ယာဉ်တိုက်မှု ဖြစ်ပွားနှုန်း ပိုမို ဖြစ်ပွားသည့်အတွက် ရောင်ပြန်(Sticker)များ ကပ်နှိပ်ပေးရခြင်းဖြစ်ကြောင်း အမှတ်(၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး (ဟားခါး)မှ ရဲအုပ်ကိုကိုမောင်ထံမှ သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)