နေပြည်တော် ၉ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ယနေ့တွင် မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား များသည် ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် ကြိုတင်ဆန္ဒမဲစတင်ပေးကြရာ မဲဆန္ဒရှင်(၁၆၉၂)ဉီးနှင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂၄၀ ) ကြိုတင်ဆန္ဒမဲ လာရောက်ပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာသံရုံး(၅)ရုံး၌ ကြိုတင်ဆန္ဒမဲ ဆက်လက်ပေးကြရာ မြန်မာသံရုံး၊ ဗန်ကောက်မြို့၌ မဲဆန္ဒရှင် (၁၀၃၆)ဉီး၊ မြန်မာသံရုံး၊ ကိုင်ရိုမြို့၌ မဲဆန္ဒရှင်(၁၃) ဉီး၊ မြန်မာသံရုံး၊ စင်ကာပူမြို့၌ မဲဆန္ဒရှင်(၁၇၀၀)ကျော်ခန့်၊ မြန်မာသံရုံး၊ ဆိုးလ်မြို့၌ မဲဆန္ဒရှင် (၆၆၂)ဉီး၊ မြန်မာသံရုံး၊ တိုကျိုမြို့၌ မဲဆန္ဒရှင်(၂၁၈) ဉီး လာရောက်ဆန္ဒမဲ ပေးခဲ့ကြသည်။
အစ္စရေးနိုင်ငံတွင် ချမှတ်ထားသည့် nationwide lockdown ကြောင့် အသွားအလာကန့်သတ်မှုရှိနေသည့် ကာလဖြစ်၍ မြန်မာသံရုံး၊ တဲလ်အဗီးမြို့သို့ လာရောက်၍ ကြိုတင်ဆန္ဒမဲမပေးနိုင်သည့် အာရာဗာနှင့် နီဂတ်ဒေသ များရှိ စိုက်ပျိုးရေးပညာရပ်များ သင်ကြားရန်ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ ဆန္ဒမဲပေးနိုင်ရေး အတွက် သွားရောက်ဆောင်ရွက်ပေးခဲ့ရာတွင် မဲဆန္ဒရှင် (၆၅)ဉီး ကြိုတင်ဆန္ဒမဲ ပေးခဲ့ကြသည်။
ယနေ့တွင် မြန်မာသံရုံး(၇) ရုံးနှင့် အစ္စရေးနိုင်ငံ၊ အာရာဗာနှင့် နီဂတ်ဒေသတွင် ရောက်ရှိနေသော ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲများ ပေးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးခဲ့ကြရာ ယနေ့အထိ ဘရူနိုင်း၊ ဘရာဇီးလ်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အစ္စရေးနိုင်ငံတို့ရှိ မြန်မာသံရုံး(၅) ရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့နှင့် နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (၂)ရုံးတို့တွင် ကြိုတင်ဆန္ဒမဲ ပေးမှုများ ပြီးဆုံးပြီဖြစ်သည်။
ကြိုတင်ဆန္ဒမဲပေးရန် မြန်မာသံရုံးများသို့ ရောက်ရှိလာသည့် နိုင်ငံသားများအား ကိုဗစ်-၁၉ ရောဂါတားဆီး ကာကွယ်ရေးဆိုင်ရာ ချမှတ်ထားရှိသည့် ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ သံရုံးအဝင်ဝတွင် ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ Face Mask ဖြန့်ဝေတပ်ဆင်စေခြင်းနှင့် သက်ဆိုင်ရာ နိုင်ငံအလိုက် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး အစီအမံများကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


