မိုင်းယောင်း   ၉ အောက်တိုဘာ

ရှမ်းပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက Quarantine ဝင်နေသော ဆရာ၊ ဆရာမများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားကာ ဆေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ဆရာ၊ ဆရာမများသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် နေရပ်အသီးသီးမှ ပြန်လည်ရောက်ရှိလာကြသည့် ဝန်ထမ်းများဖြစ်ပြီး ဆရာ ၁၈ ဦး၊ ဆရာမ ၅၅ ဦးအား အလက(တပ်တွင်း)၊ အလက-ခွဲ(မုန်းလိုက်)၊ အမက(ယမ်းခမ်း)နှင့် အမက(ဟောင်ကွေ့)ကျောင်း Quarantine Center များတွင်ထားရှိပြီး ကျန်းမာရေး စစ်ဆေးခြင်းနှင့် စားသောက်ရေးအဆင်ပြေရေးအတွက် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ရွေးကောက်ပွဲ ကာလအတွင်း မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်း တက်ရောက်နေသော အထူးရဲတပ်ဖွဲ့ဝင် ၆၈ ဦးအား သွားရောက်ကြည့်ရှုအားပေးပြီး ဆေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း