ကလေး ၉ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသော ကလေးမြို့နယ် နတ်ကြီးကုန်း (ပျဉ်း) ကျေးရွာနှင့် အင်းစိန်ကျေးရွာ၊ ကလေးဝမြို့နယ် တုန်နန်းကျေးရွာတို့အား မြစိမ်းရောင် (ငါးကဏ္ဍ) အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆဌမအကြိမ် ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး မြစိမ်းရောင် (ငါးကဏ္ဍ) အဖွဲ့ဝင်များအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေ အသုံးပြုရာတွင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အကျိုးရှိစွာ အသုံးပြုနိုင်ရေးတို့အားမှာကြားပြီး ကျေးရွာ (၃) ရွာမှ အဖွဲ့ဝင် လူဦးရေ (၂၁၁) ဦးထံသို့ ရန်ပုံငွေ သိန်း (၁၅၁၄) ကျပ်ကို ပြန်လည် ထုတ်ချေးပေးခဲ့ပါသည်။

ထို့နောက် ကလေးဝမြို့နယ် ချင်းတွင်းမြစ်ကြောင်းရှိ တုန်နန်းကျေးရွာတွင် ငါးစားသုံးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူး၊ ငါးအာဟာရ တန်ဖိုးအကြောင်းနှင့် ငါးစားသုံးခြင်းဖြင့် ကျန်းမာရေး (အထူးသဖြင့်ကိုယ်ခံအား ကောင်းမွန်ရေး) ရှင်းပြပြီး ကိုဗစ် - ၁၉ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေခဲ့ပါသည်။

ကလေးမြို့နယ်နှင့် ကလေးဝမြို့နယ်တို့တွင် မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍  ကျေးလက်နေ ပြည်သူများ၏ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုး ရေးအတွက် ကျေးရွာ သုံးရွာအားတစ်ရွာလျှင် အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ စီ ခွဲဝေချထားခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလမှ စတင်၍ စီမံကိန်းစတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

MDN