လင်းခေး ၉ အောက်တိုဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင်နယ်စပ်ရှိ တံတားဦးစီးဌာနမှ ဆောင်ရွက်သည့် ကျွန်းတောင်-ကျောက်တစ်လုံးကြီး နောင်ယာဆိုင်း-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပေါ်ရှိ တံတား အမှတ်(၉/၄၅) ပွန်ချောင်းတံတားဖွင့်လှစ်ခြင်းကို ယန့နံနက် ၁၀ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် လင်းခေးခရိုင် နယ်စပ်၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စတင်တာဝန်ယူခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ယနေ့အချိန်ထိ ရှမ်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွင် တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခဲ့ရာတွင် ကတ္တရာကွန်ကရစ် AC လမ်းမိုင်ပေါင်း(၂၀၀)ခန့်၊ ကွန်ကရစ်လမ်းမိုင် (၈၀)ခန့်၊ ကတ္တရာလမ်းသစ်ခင်းခြင်း မိုင်(၆၀၀)ကျော်၊ (၁၈)ပေအကျယ်၊ ကတ္တရာ “လမ်းချဲ့”ခင်းခြင်း မိုင်(၆၀၀)ခန့်၊ တံတားနှင့် ရေထုတ်ပြွန်အစင်းပေါင်း (၄၀၀၀)ခန့်တို့ကို ပြည်ထောင်စု၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် လည်းကောင်း၊ တိုင်းရင်းသားလုပ်ငန်းရှင် ကုမ္ပဏီများ၏ B.O.T စနစ်ဖြင့် လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ဖွင့်လှစ်လိုက်သည့် ပွန်ချောင်းတံတားသစ်ကြီးသည် ရှမ်းပြည်နယ်အတွက် အလွန်အရေးပါသော တံတား(၁)စင်းဖြစ်ပါကြောင်း၊ တံတားတည်နေရာသည် ရှမ်းပြည်နယ် တောင်ကြီးခရိုင်နှင့် လင်းခေးခရိုင်နယ်စပ်တွင်ဖြစ်ပြီး အဓိက National High way လမ်းမကြီးဖြစ်သည့် တောင်ငူ-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုံးလမ်း NH21 နှင့် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း NH23 တို့ကို ကွန်ယက်ဆက်ပေးသည့် လမ်းပေါ်က သဘာဝအတားအဆီးကြီးဖြစ်သည့် ပွန်ချောင်းကို ဖြတ်ကျော်တည်ဆောက်ထားပါကြောင်း၊ ယနေ့ တည်ဆောက်ဖွင့်လှစ်လိုက် သည့် သံကူကွန်ကရစ်တံတားသစ်ကြီး ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ခွင့်ပြုတန်ချိန် (၆၀)အထိ သွားလာနိုင်မည်ဖြစ်ပြီး ကုန်စည်စီးဆင်းမှုတွင် ပိုမိုလွယ်ကူလျင်မြန်လာတော့မည်ဖြစ်ကြောင်း ပြောကြား သည်။

ဆက်လက်၍ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရဇော်က  လမ်းတံတားဆိုင်ရာ အချက်အလက်များ ရှင်းလင်းပြောကြားရာ ပွန်ချောင်းတံတားသည် စုစုပေါင်းအရှည်ပေ (၁၉၀) ရှိပြီး တံတားအကျယ်မှာ ပေ (၃၀)စီနှင့် သံမဏိသံပေါင်ယက်မ၊ သံကူကွန်ကရစ် ကြမ်းခင်းအမျိုးအစားဖြစ်ပြီး စီမံကိန်းတန်ဖိုးအားဖြင့် ကျပ်သန်း (၉၇၄ ဒသမ ၅၀၀)ကို ပြည်နယ်ရန်ပုံငွေဖြင့် ကျခံ၍ တံတားအထူးအဖွဲ့(၁၂)မှ တာဝန်ယူတည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်လိုက်သည့် ပွန်ချောင်းတံတားသည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နှင့် လင်းခေးခရိုင်တို့ကို ဆက်သွယ်ထားသည့် လမ်းပေါ်တွင်တည်ရှိပြီး တံတားကြီး တည်ဆောက်ပေးလိုက်သည့် အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဆက်သွယ်သွားလာရေးကို အဆင့်မြှင့်တင်ပေးလိုက်ခြင်းဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒေသခံ ဦးခွန်လှထွန်းက ကျေးဇူးတင်စကားပြောကြားပြီး ပွန်ချောင်းတံတားအား ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ဆီဆိုင်မြို့နယ်နှင့် မောက်မယ်မြို့နယ်တို့မှ ပြည်သူ့ လွှတ်ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးကြကာ လမ်းတံတားအား လှည့်လည်စစ်ဆေးကြည့်ရှုကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)