၁၅ ဇန်နဝါရီ
အီရန်နိုင်ငံ တီဟီရန် နိုင်ငံတကာလေဆိပ်မှ ယူကရိန်းနိုင်ငံ ကိယက်ဖ်မြို့ကို ဇန်နဝါရီ ၈ ရက်နေ့က ပျံသန်းမယ့် ယူကရိန်းလေကြောင်းလိုင်းပိုင် ဘိုးရင်း 737 လေယာဉ်ကို အီရန်မှ ပစ်ချခဲ့ကြောင်း ဝန်ခံပြီးနောက် ပစ်ချရာတွင် ပါဝင်သူများကို မနေ့က ဖမ်းဆီးခဲ့ကြောင်း တရားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက အတည်ပြုပြောကြားပါတယ်။
ဖမ်းဆီးမှုနဲ့ ပတ်သတ်ပြီး လူအရေအတွက်ဘယ်လောက်ကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိတာကို တွေ့ရပါတယ်။
အနောက်နိုင်ငံများက ဘိုးရင်း 737 လေယာဉ်ဟာ ပစ်ချခံခဲ့ရကြောင်း ပြောဆိုမှုအပေါ် အီရန်အစိုးရက စက်ချို့ယွင်းမှုကြောင့် ပျက်ကျတာဖြစ်နိုင်ကြောင်း ကနဦးပိုင်းက ခုခံပြောဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့ စနေနေ့မှာတော့ မှားယွင်းပြီး ပစ်ချခဲ့ကြောင်း ကတ်တပ်ဖွဲ့က ဝန်ခံပြောကြားခဲ့ပါတယ်။
ကတ်တပ်ဖွဲ့ရဲ့လေတပ် ဗိုလ်မှူးချုပ် အမီရာလီ ဟာဂျီဇာဒါ က မှားယွင်းပစ်ခတ်မှုအတွက် တာဝန်အပြည့်အဝယူကြောင်း၊ ဒုံးကျည်ပစ်ခတ်ရေး တာဝန်ရှိသူက ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။
တရားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူ အစ်စမေးက စုံစမ်းစစ်ဆေးရေးကို နေ့ရောညပါ လုပ်ဆောင်ခဲ့ကြောင်း၊ ရရှိလာတဲ့ အချက်အလက်တွေကို အမှန်အတိုင်းဖြစ်အောင် ထောင့်ပေါင်းစုံက ချိန်ဆနေကြောင်း ပြောကြားပါတယ်။
သမ္မတ ဟာဆမ် ရိုဟာနီ က ပြစ်မှုကျူးလွန်သူတိုင်း အပြစ်ပေးခံရမယ်လို့ ပြောဆိုအပြီးမှာ တရားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက လေယာဉ်ပစ်ချမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လိုက်ပါသူ ၁၇၆ ဦးလုံး သေဆုံးခဲ့ရာ အီရန်နဲ့ ကနေဒါ နိုင်ငံသားတွေဟာ အများစုဖြစ်ခဲ့ပါတယ်။
MDN
ကိုးကား - AFP