ယူကရိန်းလေယာဉ်ကို ပစ်ချခဲ့မှုတွင် ပါဝင်ပတ်သက်သူများ ဖမ်းဆီးထားကြောင်း အီရန်ပြောဆို

၁၅ ဇန်နဝါရီ

 

အီရန်နိုင်ငံ တီဟီရန် နိုင်ငံတကာလေဆိပ်မှ ယူကရိန်းနိုင်ငံ ကိယက်ဖ်မြို့ကို ဇန်နဝါရီ ၈ ရက်နေ့က ပျံသန်းမယ့် ယူကရိန်းလေကြောင်းလိုင်းပိုင် ဘိုးရင်း 737 လေယာဉ်ကို အီရန်မှ ပစ်ချခဲ့ကြောင်း ဝန်ခံပြီးနောက် ပစ်ချရာတွင် ပါဝင်သူများကို မနေ့က ဖမ်းဆီးခဲ့ကြောင်း တရားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက အတည်ပြုပြောကြားပါတယ်။

 

5

 

ဖမ်းဆီးမှုနဲ့ ပတ်သတ်ပြီး လူအရေအတွက်ဘယ်လောက်ကို ဖမ်းဆီးခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထည့်သွင်းပြောကြားခြင်း မရှိတာကို တွေ့ရပါတယ်။

 

အနောက်နိုင်ငံများက ဘိုးရင်း 737 လေယာဉ်ဟာ ပစ်ချခံခဲ့ရကြောင်း ပြောဆိုမှုအပေါ် အီရန်အစိုးရက စက်ချို့ယွင်းမှုကြောင့် ပျက်ကျတာဖြစ်နိုင်ကြောင်း ကနဦးပိုင်းက ခုခံပြောဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့ စနေနေ့မှာတော့ မှားယွင်းပြီး ပစ်ချခဲ့ကြောင်း ကတ်တပ်ဖွဲ့က ဝန်ခံပြောကြားခဲ့ပါတယ်။

 

ကတ်တပ်ဖွဲ့ရဲ့လေတပ် ဗိုလ်မှူးချုပ် အမီရာလီ ဟာဂျီဇာဒါ က မှားယွင်းပစ်ခတ်မှုအတွက် တာဝန်အပြည့်အဝယူကြောင်း၊ ဒုံးကျည်ပစ်ခတ်ရေး တာဝန်ရှိသူက ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။

 

25

 

တရားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူ အစ်စမေးက စုံစမ်းစစ်ဆေးရေးကို နေ့ရောညပါ လုပ်ဆောင်ခဲ့ကြောင်း၊ ရရှိလာတဲ့ အချက်အလက်တွေကို အမှန်အတိုင်းဖြစ်အောင် ထောင့်ပေါင်းစုံက ချိန်ဆနေကြောင်း ပြောကြားပါတယ်။ 

 

သမ္မတ ဟာဆမ် ရိုဟာနီ က ပြစ်မှုကျူးလွန်သူတိုင်း အပြစ်ပေးခံရမယ်လို့  ပြောဆိုအပြီးမှာ တရားရေးဝန်ကြီးရဲ့ ပြောခွင့်ရသူက လေယာဉ်ပစ်ချမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ယူကရိန်းလေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လိုက်ပါသူ ၁၇၆ ဦးလုံး သေဆုံးခဲ့ရာ အီရန်နဲ့ ကနေဒါ နိုင်ငံသားတွေဟာ အများစုဖြစ်ခဲ့ပါတယ်။

 

MDN

ကိုးကား - AFP