ရန်ကုန် ဩဂုတ် ၁၇
မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်စီးတီးအသင်း၏ ရာသီကြိုထိုင်းခြေစမ်းခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပြီး ခြေစမ်းပွဲကိုးပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။
ရန်ကုန်စီးတီးအသင်းသည် တစ်လဝန်းကျင် သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများကစားခဲ့ပြီး ခြောက်ပွဲ၏ရလဒ်များကို တရားဝင်ထုတ်ပြန်သော် လည်း ကျန်သုံးပွဲ၏ ရလဒ်ကိုမူ နှစ်ဖက်အသင်းညှိနှိုင်းမှုအရ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ ရန်ကုန်စီးတီးအသင်းသည် ထိုင်းကလပ်အသင်း များ၊ အာရှဒေသတွင်း ကလပ်အသင်းအချို့နှင့် ခြေစမ်းပွဲများကစားခဲ့ခြင်းဖြစ်ပြီး ထိုင်းလိဂ်-၃ ကလပ် Pluak Daeng United အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ထိုင်းလိဂ်-၃ ကလပ် ပတ္တရားစီးတီးအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ထိုင်းလိဂ်-၃ ကလပ် ဟွာဟင်းစီးတီးအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ထိုင်းလိဂ်-၃ ကလပ် မြောင်နော့အသင်းနှင့် သုံးဂိုးစီသရေကျခဲ့သည်။
ထိုင်းလိဂ်(၁)ကလပ် ရရောင်းအသင်းကို သုံးဂိုး-ဂိုးမရှိ၊ ထိုင်းလိဂ်(၃) ကလပ် ဘူရာဖာအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။
ထိုင်းခြေစမ်းခရီးစဉ်တွင် ပြည်တွင်း၊ ပြည်ပကစားသမားအားလုံး နီးပါးပါဝင်ခဲ့ပြီး အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၌ ပါဝင်ခဲ့သည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်နှင့် နောက်ခံလူ ဇွဲခန့်မင်းတို့မှာမူ သြဂုတ် ၉ ရက်မှ အသင်းနှင့် ပူးပေါင်းနိုင်ခဲ့ပြီး လက်ကျန်ခြေစမ်းပွဲများတွင် ပါဝင်ကစားခဲ့သည်။
ညီမြတ်သော်တာ


