မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်စီးတီးအသင်း၏ ထိုင်းခြေစမ်းခရီးစဉ်ပြီးဆုံး

ရန်ကုန်   ဩဂုတ်   ၁၇

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်စီးတီးအသင်း၏ ရာသီကြိုထိုင်းခြေစမ်းခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပြီး ခြေစမ်းပွဲကိုးပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။

ရန်ကုန်စီးတီးအသင်းသည် တစ်လဝန်းကျင် သွားရောက်လေ့ကျင့်ကာ ခြေစမ်းပွဲများကစားခဲ့ပြီး ခြောက်ပွဲ၏ရလဒ်များကို တရားဝင်ထုတ်ပြန်သော် လည်း  ကျန်သုံးပွဲ၏ ရလဒ်ကိုမူ နှစ်ဖက်အသင်းညှိနှိုင်းမှုအရ ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ ရန်ကုန်စီးတီးအသင်းသည် ထိုင်းကလပ်အသင်း များ၊ အာရှဒေသတွင်း ကလပ်အသင်းအချို့နှင့် ခြေစမ်းပွဲများကစားခဲ့ခြင်းဖြစ်ပြီး ထိုင်းလိဂ်-၃ ကလပ်  Pluak  Daeng  United  အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ ထိုင်းလိဂ်-၃ ကလပ် ပတ္တရားစီးတီးအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ထိုင်းလိဂ်-၃ ကလပ် ဟွာဟင်းစီးတီးအသင်းကို လေးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ထိုင်းလိဂ်-၃ ကလပ် မြောင်နော့အသင်းနှင့် သုံးဂိုးစီသရေကျခဲ့သည်။

ထိုင်းလိဂ်(၁)ကလပ်  ရရောင်းအသင်းကို  သုံးဂိုး-ဂိုးမရှိ၊  ထိုင်းလိဂ်(၃) ကလပ် ဘူရာဖာအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

ထိုင်းခြေစမ်းခရီးစဉ်တွင် ပြည်တွင်း၊ ပြည်ပကစားသမားအားလုံး နီးပါးပါဝင်ခဲ့ပြီး အာဆီယံဟွန်ဒိုင်းဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၌ ပါဝင်ခဲ့သည့် တိုက်စစ်မှူး ဝင်းနိုင်ထွန်း၊ ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်နှင့် နောက်ခံလူ ဇွဲခန့်မင်းတို့မှာမူ  သြဂုတ် ၉ ရက်မှ အသင်းနှင့် ပူးပေါင်းနိုင်ခဲ့ပြီး လက်ကျန်ခြေစမ်းပွဲများတွင် ပါဝင်ကစားခဲ့သည်။                                                              

ညီမြတ်သော်တာ