AFC အမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲ အုပ်စု (F) ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပမည်

ရန်ကုန်    ဩဂုတ်    ၁၂

AFC  အမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်အဖြစ်  အုပ်စု(F) ပွဲစဉ်များအားလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌  အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။

အုပ်စု (F) တွင် မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီ၊ စင်ကာပူကလပ် FC Jurong ၊ လက်ဘနွန်ကလပ် No Limits FC နှင့် တရုတ်(တိုင်ပေ)ကလပ်  New  Taipei City Hang Yuan FC တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် စင်ကာပူကလပ် FC Jurong အသင်းနှင့် သုဝဏ္ဏကွင်း၌  စတင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။  ဒုတိယပွဲစဉ်အဖြစ် ဩဂုတ် ၂၀ ရက် ညနေ ၄ နာရီတွင် လက်ဘနွန်ကလပ် No Limits FC အသင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်  ဩဂုတ်  ၂၃  ရက်  ညနေ ၄ နာရီတွင် တရုတ်(တိုင်ပေ)ကလပ် အသင်းတို့နှင့် သုဝဏ္ဏကွင်း၌ပင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

အုပ်စုပထမရရှိသည့် တစ်သင်းတည်းသာ  နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ရာ ပွဲစဉ်တိုင်းသည်  အရေးပါသည့်အတွက် ဧရာဝတီအသင်းအနေဖြင့် အကောင်းဆုံးပုံစံဖြင့် ကြိုးစားယှဉ်ပြိုင်ရန် လိုအပ်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ AFC အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ISPE FC အသင်းက မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင်   ဧရာဝတီအက်ဖ်စီအသင်းက ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

နေမျိုး၊ ဓာတ်ပုံ-AWFC