ရန်ကုန် ဩဂုတ် ၁၂
AFC အမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲစဉ်အဖြစ် အုပ်စု(F) ပွဲစဉ်များအားလုံးကို ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်သည်။
အုပ်စု (F) တွင် မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီ၊ စင်ကာပူကလပ် FC Jurong ၊ လက်ဘနွန်ကလပ် No Limits FC နှင့် တရုတ်(တိုင်ပေ)ကလပ် New Taipei City Hang Yuan FC တို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မြန်မာကိုယ်စားပြု ဧရာဝတီအက်ဖ်စီအသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၁၇ ရက် ညနေ ၄ နာရီတွင် စင်ကာပူကလပ် FC Jurong အသင်းနှင့် သုဝဏ္ဏကွင်း၌ စတင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ဒုတိယပွဲစဉ်အဖြစ် ဩဂုတ် ၂၀ ရက် ညနေ ၄ နာရီတွင် လက်ဘနွန်ကလပ် No Limits FC အသင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဩဂုတ် ၂၃ ရက် ညနေ ၄ နာရီတွင် တရုတ်(တိုင်ပေ)ကလပ် အသင်းတို့နှင့် သုဝဏ္ဏကွင်း၌ပင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အုပ်စုပထမရရှိသည့် တစ်သင်းတည်းသာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်ရာ ပွဲစဉ်တိုင်းသည် အရေးပါသည့်အတွက် ဧရာဝတီအသင်းအနေဖြင့် အကောင်းဆုံးပုံစံဖြင့် ကြိုးစားယှဉ်ပြိုင်ရန် လိုအပ်မည်ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ AFC အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲတွင် ISPE FC အသင်းက မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် ဧရာဝတီအက်ဖ်စီအသင်းက ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-AWFC


