M League 2026 (U20) အမှတ်ပေးဘောလုံးပြိုင်ပွဲ ရန်ကုန်ယူနိုက်တက် ချန်ပီယံဆုဆွတ်ခူး


ရန်ကုန် နိုဝင်ဘာ ၂၈

 

M League 2026 (U20) အမှတ်ပေးဘောလုံးပြိုင်ပွဲ အပတ်စဉ်(၂၆) ရာသီပိတ်ချန်ပီယံလုပွဲစဉ်အဖြစ် ယနေ့ ညနေ ၃ နာရီခွဲက သုဝဏ္ဏကွင်း၌ ရန်ကုန်ယူနိုက်တက်နှင့် ISPE (အား/ ကာသိပ္ပံ) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုးစီဖြင့်သရေကျခဲ့သော်လည်း ရန်ကုန်ယူနိုက်တက်အသင်းက စုစုပေါင်းရမှတ် ၆၂ မှတ်ဖြင့် ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ပြီး (၁၁) နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သည်။

 

ရာသီပိတ်နောက်ဆုံးပွဲစဉ်ဖြစ်ပြီး ချန်ပီယံဆုအတွက် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့ အပြန်အလှန်ထိုးဖောက်မှုများဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ၂၅ မိနစ်၌ ထွန်းကိုကိုဦးက ISPE အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၃၇ မိနစ်တွင် လမင်းပြည့်စုံက ရန်ကုန်ယူနိုက်တက်အတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် တစ်ဂိုးစီသရေကျခဲ့သည်။ ဒုတိယပိုင်း ၄၆ မိနစ်တွင် အောင်မျိုးမင်းက ရန်ကုန်ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ၈၃ မိနစ်တွင် ကောင်းခန့်ကျော်က ISPE အတွက် ချေပဂိုးပြန်သွင်းခဲ့သောကြောင့် နှစ်ဂိုးစီ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ အဆိုပါ ပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ရန်ကုန် ယူနိုက်တက်မှ အောင်မျိုးမင်းက ရရှိခဲ့သည်။

 

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲတွင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို အား/ ကာသိပ္ပံအသင်းက စစ်ငြိမ်းချမ်းဦး၊ ဂိုးသွင်းအများဆုံးကစားသမားဆုကို သွင်းဂိုး ၂၆ ဂိုးဖြင့် ဒဂုံစတားယူနိုက်တက်မှ ညီနိုင်နှင့် အကောင်းဆုံးဂိုးသမားဆုကို ရန်ကုန်ယူနိုက်တက်မှ ဇင်မင်းဇော်တို့က ရရှိခဲ့ကြသည်။

 

ရာသီပိတ်ပွဲစဉ်များအပြီးတွင် ရန်ကုန်ယူနိုက်တက်က ရမှတ် ၆၂ မှတ်ရရှိကာ ချန်ပီယံဖြစ်ခဲ့ပြီး ISPE အသင်းက ရမှတ် ၆၀ ဖြင့် ဒုတိယ၊ ဒဂုံစတားယူနိုက်တက်အသင်းက ရမှတ် ၅၈ မှတ်ဖြင့် တတိယ၊ ရတနာပုံအသင်းက ရမှတ် ၅၁ မှတ်ဖြင့် စတုတ္ထနှင့် ရန်ကုန်စီးတီးအသင်းက ရမှတ် ၄၃ မှတ်ဖြင့် ပဉ္စမနေရာတို့တွင် အသီးသီးရပ်တည်နိုင်ခဲ့ကြသည်။

 

နေမျိုး၊ ဓာတ်ပုံ-ML