ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်

နေပြည်တော် နိုဝင်ဘာ ၂၈

 

(၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ National Convention Center ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

 

အဆိုပါ အစည်းအဝေးသို့ (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ACMECS အဖွဲ့ဝင်နိုင်ငံများမှ အစိုးရအကြီးအကဲများဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်မာနက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆလုံဆေးကိုမာဆစ်၊ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လေမင်ဟုန်နှင့် ACMECS အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ ACMECS အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

 

ယင်းနောက် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ACMECS အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယနေ့ တွေ့ဆုံဆွေးနွေးမှုသည် ACMECS ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှတစ်ဆင့် မိမိတို့အနေဖြင့် အတူတကွ ကြိုးပမ်းရရှိခဲ့သည့် အောင်မြင်မှုရလဒ်များကို ပြန်လည်သုံးသပ်ရေး၊ မိမိတို့ ဒေသခွဲအတွက် မဟာဗျူဟာကျသည့် ဦးစားပေးအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် ခိုင်မာအားကောင်း၍ ခေတ်မီပြီး ရေရှည်တည်တံ့သည့် ACMECS အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးကို ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်သဖြင့် အရေးကြီးသည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ကြောင်း။

 

ယနေ့ မိမိတို့တွေ့ဆုံကြသည့် အချိန်သည် ကမ္ဘာတစ်ဝန်း စိန်ခေါ်မှုများ ရှုပ်ထွေးများပြားလျက်ရှိပြီး ထောက်ပံ့ရေးကွင်းဆက်များ ထိခိုက်လွယ်သည့် အနေအထား ဖြစ်သည့်အပြင် နည်းပညာများ တစ်ရှိန်ထိုးတိုးတက်ပြောင်းလဲနေသည့် အချိန်ကာလတစ်ခုလည်းဖြစ်ကြောင်း၊ ထိုသို့လက်တွေ့ရင်ဆိုင်နေရသည့် အခြေအနေသည် မိမိတို့ဒေသအတွင်း ပိုမိုခိုင်မာအားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုကို ပြသကြရန် သတိပေးနေခြင်းဖြစ်ကြောင်း။

 

ယခုကဲ့သို့ အရေးကြီးသည့် လိုအပ်ချက်ကိုရှေးရှုပြီး မြန်မာနိုင်ငံ၏ ACMECS အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသ တည်ဆောက်စို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ဦးဆောင်လမ်းညွှန်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အလှည့်ကျဥက္ကဋ္ဌဆောင်ပုဒ်ခေါင်းစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူမှုစီးပွား သာယာဝပြောရေး၊ သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးနှင့် နည်းပညာမြင့်မားရေးတို့ကို ဒွန်တွဲဖော်ဆောင်သွားရန်ဆိုသည့် မိမိတို့၏ ဘုံမျှော်မှန်းချက်ကို ထင်ဟပ်ဖော်ပြခြင်း ဖြစ်ကြောင်း။ 

 

မိမိတို့၏ မျှော်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်ဆိုပါက အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ အရင်းအမြစ် ရှာဖွေစုဆောင်းခြင်းနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းများမှတစ်ဆင့် ACMECS ၏ အဓိကကျသည့် ယန္တရားများကို ထိထိရောက်ရောက် လည်ပတ်နိုင်စေရန် အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုတာကာလအတွင်း ACMECS သည် ရုပ်ပိုင်းဆိုင်ရာချိတ်ဆက်မှုနှင့် ဒီဂျစ်တယ်နည်းပညာ ချိတ်ဆက်မှုကို မြှင့်တင်ပေးခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေခြင်း၊ ဒေသခွဲအတွင်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ခြင်းတို့ဖြင့် ဒေသခွဲတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် မောင်းနှင်အားတစ်ခုအဖြစ် သက်သေထူနိုင်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။

 

ထို့ပြင် ACMECS သည် ဒေသခွဲဆိုင်ရာ အခင်းအကျင်း၏ ဗဟိုချက်မအဖြစ် ရပ်တည်လျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများ၏ စုပေါင်းအင်အားကို ဖော်ဆောင်ပေးသည့်အပြင် ပိုမိုကျယ်ပြန့်သော ဒေသဆိုင်ရာမူဘောင်အတွင်း၊ အထူးသဖြင့် ပြင်ပမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် အဖွဲ့ဝင်နိုင်ငံများ၏ ဘုံရပ်တည်ချက်နှင့် ညီညွတ်သည့်အသံကို ဖော်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော ဒေသခွဲဆိုင်ရာ ယန္တရားတစ်ခုဖြစ်သည်ကို မိမိတို့အနေဖြင့် မီးမောင်းထိုးပြလိုကြောင်း၊ ထို့ပြင် ACMECS သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအပြင် အဆိုပါဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် အာဆီယံဒေသတွင်း ပေါင်းစည်းရေးတို့အကြား ချိတ်ဆက်မှုကိုလည်း ပိုမိုခိုင်မာစေပြီး အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးလုပ်ငန်းစဉ် အပါအဝင် ပိုမိုကျယ်ပြန့်သည့် ဒေသဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများတွင် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်လျက်ရှိကြောင်း။

 

မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် စဉ်ဆက်မပြတ်တည်ရှိမှုတို့အတွက် အဖွဲ့ဝင်နိုင်ငံအားလုံးအပါအဝင် ရည်မှန်းချက်တူညီသည့် မိတ်ဖက်နိုင်ငံများနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် အပြည့်အဝကတိကဝတ်ပြု သန္နိဋ္ဌာန်ချမှတ်ထားရှိကြောင်း၊ မိမိတို့အားလုံး အတူတကွလက်တွဲ ဆောင်ရွက်ကြမည် ဆိုပါက ဘုံရည်မှန်းချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးသည် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် ရှင်းလင်းပြတ်သားသည့် လမ်းညွှန်ချက်များ ချမှတ်ပေးနိုင်ရန်နှင့် ပိုမိုအားကောင်းသည့် အရှိန်အဟုန်တစ်ခုကို ဖန်တီးပေးနိုင်မည်ဟု မိမိအနေဖြင့် မျှော်လင့်ကြောင်း ပြောကြားသည်။

 

ထို့နောက် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေး ဘာသာရပ် အစီအစဉ်အား အတည်ပြုကြသည်။ 

 

ဆက်လက်၍ “လူမှုစီးပွားဖွံ့ဖြိုးရေးကို တိုးမြှင့်ဖော်ဆောင်ကာ ခေတ်မီ၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အက်ခ်မက်ဒေသ တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် ACMECS ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုကို ACMECS အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရအဖွဲ့အကြီးအကဲများဖြစ်ကြသည့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံဝန်ကြီးချုပ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့က မိန့်ခွန်းများ အလှည့်ကျပြောကြားကြသည်။

 

ထို့နောက် အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံတို့မှ နိုင်ငံ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံ ပုဂံမြို့တွင် တွေ့ဆုံပြီး ပုဂံကြေညာစာတမ်းကို ထုတ်ပြန်ကြေညာပြီး ACMECS ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို စတင်ခဲ့ကြောင်း၊ များမကြာမီတွင် ဗီယက်နမ်နိုင်ငံသည် အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ACMECS ကို ပူးပေါင်းပါဝင် အားဖြည့်ခဲ့ကြောင်း။

 

ACMECS စတင်ဖွဲ့စည်းခဲ့ပြီး ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုတာ ကျော်လွန်သည့်ကာလအတွင်း မိမိတို့၏ ဒေသတွင်ကြီးမားသည့် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့ ကြောင်း၊ သို့သော် ပုဂံကြေညာစာတမ်းပါ အခြေခံစံနှုန်းများနှင့် စိတ်ဓာတ်များသည် ယနေ့တိုင် ခေတ်နှင့် လျော်ညီနေဆဲပင်ဖြစ်ကြောင်း၊ အဆိုပါဘုံမျှော်မှန်းချက်များကို လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူများအတွက် သိသာထင်ရှားသည့် အကျိုးရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်ပေးခြင်းအားဖြင့် အဆိုပါစိတ်ဓာတ်ကို ဆက်လက် လက်ဆင့်ကမ်း သယ်ဆောင်သွားရမည်ဖြစ်ကြောင်း။ 

 

အကြားအလပ်မရှိ ချိတ်ဆက်မှု၊ ထပ်တူကျသော ACMECS စီးပွားရေးနှင့် ခေတ်မီပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ACMECS စသည့် မဏ္ဍိုင် (၃) ရပ်အောက်တွင် ရှိသည့် ပူးပေါင်းညှိနှိုင်းရေးကော်မတီများအနေဖြင့် သက်ဆိုင်ရာ အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်း၊ စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းအပါအဝင် တိုးတက်မှုများ ဖြစ်ထွန်းအောင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ချီးကျူးဂုဏ်ပြုသည်ကို ပြောကြားလိုကြောင်း။

 

ဒေသတွင်းပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးနှင့် ခေတ်မီပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ACMECS ဖြစ်လာစေရေး မျှော်မှန်းချက်ကို မြှင့်တင်ရန် မြန်မာနိုင်ငံအနေဖြင့် အထူးအလေးထားလျက်ရှိကြောင်း၊ အဆိုပါမျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် အချက် (၃) ချက်ကို တင်ပြဆွေးနွေးလိုကြောင်း။

 

ပထမအချက်မှာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်အတွက် e-commerce platform တည်ထောင်ရန် အကြံပြုလိုကြောင်း၊ ယင်းသို့တည် ထောင်ခြင်းအားဖြင့် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို စုပေါင်းအားဖြင့် ပူးပေါင်းမြှင့်တင်ပြီး ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် အသိပညာဗဟုသုတ မျှဝေခြင်း၊ နည်းပညာဆိုင်ရာ အကူအညီပေးခြင်း၊ စံချိန်စံညွှန်းများ ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ဈေးကွက်ဝင်ရောက်မှုရရှိခြင်းတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့သည် ဒေသတစ်ခုလုံး၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း။

 

MSME လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းတွင်ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် အလုပ်အကိုင်ရရှိမှု၏ ၅၀ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားကြောင်း၊ MSME လုပ်ငန်းများ၏ မဟာဗျူဟာမြောက်အရေးပါမှုကို အသိအမှတ်ပြုရင်း မြန်မာနိုင်ငံအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” (One Region, One Product - OROP) အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း အပါအဝင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့် ကြိုးပမ်းအားထုတ်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း။

 

မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏ “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” (OROP) အစီအစဉ်ကို ထိုင်းနိုင်ငံ၏ “ဒေသတစ်ခု ထုတ်ကုန်တစ်ခု” (OTOP) အစီအစဉ်နှင့် ဗီယက်နမ်နိုင်ငံ၏ “ကျေးရွာတစ်ခုထုတ်ကုန် တစ်ခု” (OCOP) အစီအစဉ်အပါအဝင် ဒေသခွဲအတွင်းရှိ အခြားသော အလားတူအစီအစဉ်များ နှင့် ချိတ်ဆက်ဆောင်ရွက်သွားနိုင်မည့် အလားအလာများကို တွေ့ရှိရကြောင်း၊ ထို့ကြောင့်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါအစီအစဉ်များကို ချိတ်ဆက်ဆောင်ရွက်ရန်နှင့် ဒေသတွင်းကုန်သွယ်မှုတွင် MSME စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းပါဝင်လာရေးကို မြှင့်တင်ပေးနိုင်မည့် လက်တွေ့ကျသည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သွားကြရန် တိုက်တွန်းလိုကြောင်း။

 

ဒုတိယအချက်အနေဖြင့် ခေတ်မီပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်သော ACMECS ဖြစ်လာစေရေးအတွက် စားနပ်ရိက္ခာ၊ ရေနှင့်စွမ်းအင်ဖူလုံရေးကို အလေးပေးရန် တိုက်တွန်းလိုကြောင်း၊ စားနပ်ရိက္ခာ၊ ရေနှင့် စွမ်းအင်ဖူလုံရေးသည် အပြန်အလှန် ဆက်နွှယ်လျက်ရှိပြီး မိမိတို့နိုင်ငံများ၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် ပြည်သူများ၏ သာယာဝပြောရေးတို့အတွက် မရှိမဖြစ်လိုအပ်လာကြောင်း၊ အဆိုပါ စိန်ခေါ်မှုများကို မည်သည့်နိုင်ငံကမှ တစ်နိုင်ငံတည်း ချဉ်းကပ်ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် စုပေါင်းကြံ့ကြံ့ခံနိုင်စွမ်းအတွက် လက်တွေ့ကျသည့် ပလက်ဖောင်းတစ်ခုအဖြစ် ACMECS ၏ အခန်းကဏ္ဍကို မြှင့်တင်ရမည်ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား အသိပညာ၊ နည်းပညာနှင့် အလေ့အထကောင်းများကို မျှဝေခြင်း အပါအဝင် ဒေသတွင်း ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များကို အားကောင်းစေခြင်း၊ ရာသီဥတုဒဏ်ခံနိုင်သည့် စိုက်ပျိုးရေးစနစ်များနှင့် ခေတ်မီနည်းပညာနှင့် စိုက်ပျိုးရေးကို မြှင့်တင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုနှင့် ယင်းနှင့်ဆက်နွှယ်ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုများကို ဖြေရှင်းရေးတို့အတွက် ရေအရင်းအမြစ်စီမံခန့်ခွဲခြင်းနှင့် သန့်ရှင်းသော စွမ်းအင်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းတို့မှတစ်ဆင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း။

 

ယင်းသို့ အကောင်အထည်ဖော်ရာတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရင်း ACMECS နှင့် အခြားသော သက်ဆိုင်ရာဒေသတွင်း၊ ဒေသခွဲ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များအကြား ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်မှုကိုလည်း မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

 

တတိယအချက်အနေဖြင့် အခြေခံအဆောက်အအုံများ ချိတ်ဆက်မှု၊ ဒီဂျစ်တယ်နည်းပညာများဖြင့် ချိတ်ဆက်မှုနှင့် အဖွဲ့အစည်းဆိုင်ရာချိတ်ဆက်မှု သုံးခုကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ ချိတ်ဆက်မှုသာမက ဒီဂျစ်တယ်ကွန်ရက် ချိတ်ဆက်မှု၊ အဖွဲ့အစည်းဆိုင်ရာနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ အတားအဆီးများကို ဖြေရှင်းပေးခြင်းတို့သည် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံရေးနှင့် ဆိုက်ဘာလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတို့တွင် မရှိမဖြစ်လိုအပ်ပြီး စစ်မှန်သည့် ဒေသတွင်းချိတ်ဆက်မှုကိုလည်း ရရှိစေမည်ဖြစ်ကြောင်း။

 

အဖွဲ့အစည်းဆိုင်ရာအဆင့်တွင် ဆက်လက်ဆောင်ရွက်သွားမည့် ACMECS ပင်မစီမံချက်ရေးဆွဲရေးအတွက် လက်ရှိကြိုးပမ်းဆောင်ရွက်မှုများကို ကြိုဆိုပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် မဟာဗျူဟာမြောက် လမ်းပြမြေပုံအဖြစ် အချိန်မီ အပြီးသတ် အတည်ပြုချမှတ်သွားနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ ACMECS ပင်မစီမံချက်အသစ်သည် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းရန်နှင့် မိမိတို့၏ ဒေသတွင်း ဦးစားပေးလုပ်ငန်းများကို ထင်ဟပ်စေရမည်ဖြစ်ကြောင်း။ 

 

မိမိတို့အနေဖြင့် ACMECS ယာယီအတွင်းရေးမှူးရုံးကို အားကောင်းစေရေးအတွက် ကြိုးပမ်းမှုများကိုလည်း ထောက်ခံပြီး ACMECS ဦးစားပေးစီမံကိန်းများစာရင်းကို ပြန်လည်သုံးသပ် ပြင်ဆင်မွမ်းမံရန် အကြံပြုချက်ကို ကြိုဆိုကြောင်း၊ အဆိုပါ အချက်များသည် အဖွဲ့အစည်းဆိုင်ရာ ထိရောက်မှုကို မြှင့်တင်ရာတွင်လည်း အရေးပါခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် “ACMECS ဦးစားပေး စီမံကိန်းများ ပြန်လည်သုံးသပ်ရေး အထူးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်” ကို ACMECS အရာရှိကြီးများ အစည်းအဝေးမှ ထောက်ခံခဲ့ခြင်းနှင့် ယခုထိပ်သီး အစည်းအဝေးတွင် အတည်ပြုထုတ်ပြန်မှုအပေါ် နိုင်ငံခေါင်းဆောင်များ၏ အပြည့်အဝ ထောက်ခံမှုကို ကြိုဆိုကြောင်း။ 

 

မိမိတို့၏ ဘုံမျှော်မှန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် ခိုင်မာသည့် နိုင်ငံရေးကတိကဝတ်နှင့် စနစ်ကျသည့် အဖွဲ့အစည်းဆိုင်ရာ အစီအမံများသာမက လုံလောက်၍ မှန်းဆတွက်ချက်နိုင်ပြီး ရေရှည်တည်တံ့သည့် ဘဏ္ဍာရေး အထောက်အပံ့များလည်း လိုအပ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အရင်းအမြစ်များကိုစုစည်းပြီး ဦးစားပေးစီမံကိန်းများ အကောင်အထည်ဖော်မှုကို ပံ့ပိုးရန်အတွက် အရေးပါသော ယန္တရားတစ်ခုဖြစ်သည့် ACMECS ဖွံ့ဖြိုးမှုရန်ပုံငွေ (ACMDF) ထူထောင်ရေးကို အထူးအလေးထားလျက်ရှိကြောင်း၊ ရန်ပုံငွေထူထောင်ရေးလုပ်ငန်းစဉ်များကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် ACMECS ဘဏ္ဍာရေးဆိုင်ရာ အရာရှိကြီးများ အစည်းအဝေး၏ လက်ရှိကြိုးပမ်းအားထုတ်မှုများကိုလည်း အသိအမှတ်ပြုသည်ကို ပြောကြားလိုကြောင်း၊ ACMECS ဖွံ့ဖြိုးမှုရန်ပုံငွေကို အမြန်ဆုံးထူထောင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း၊ အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်များအနေဖြင့်လည်း ထည့်ဝင်မှုများနှင့် ပံ့ပိုးကူညီမှုများကို ဆက်လက်ပြုလုပ်သွားကြရန်လည်း တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် အစည်းအဝေးတွင် ထုတ်ပြန်မည့် (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ၏ နေပြည်တော် ကြေညာစာတမ်းနှင့် ACMECS ဦးစားပေးစီမံကိန်းများ ပြန်လည်သုံးသပ်ရေး အထူးလုပ်ငန်းအဖွဲ့ဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့ကို အတည်ပြုကြသည်။

 

ယင်းနောက် အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက နိဂုံးချုပ် မိန့်ခွန်းပြောကြားရာတွင် တန်ဖိုးရှိသည့် အကြံဉာဏ်များနှင့် အမြင်များကို ဖလှယ်ကြရင်း တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ကြသည့်အတွက် ACMECS အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအားလုံးကို မိမိအနေဖြင့် ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ACMECS အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်အတွင်း၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ ချိတ်ဆက်မှု ပိုမိုအားကောင်းရေး၊ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုကို စဉ်ဆက်မပြတ် ဖော်ဆောင်နိုင်ရေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် စိန်ခေါ်မှုအသစ်များကြားတွင် ကြံ့ကြံ့ခံနိုင်မှုရှိရေးတို့အတွက် နည်းလမ်းများ ကြိုးပမ်းရှာဖွေခဲ့ကြောင်း။

 

မိမိတို့ရှေ့တွင် အခက်အခဲစိန်ခေါ်မှုများ ရှိနေလင့်ကစား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်သွားကြမည်ဆိုသည့် ခိုင်မာသောဆုံးဖြတ်ချက် တစ်ခုရှိနေသည်ကို ယနေ့ထိပ်သီး အစည်းအဝေး၏ ဆွေးနွေးမှုများက သက်သေပြခဲ့ကြောင်း၊ ACMECS ၏ အောင်မြင်မှုသည် မိမိတို့မည်သည်ကို ဆုံးဖြတ်ချက် ချလဲဆိုသည့် အချက်အပေါ်မှာပင် မူတည်နေခြင်းမဟုတ်ကြောင်း၊ ယခုဆုံးဖြတ်ချက်များကို လက်တွေ့မည်သို့ အကောင်အထည်ဖော်သလဲဆိုသည့် မိမိတို့ ၏ စွမ်းဆောင်မှုအပေါ်တွင်ပါ မူတည်နေကြောင်း။

 

မိမိတို့အနေဖြင့် ACMECS ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှု‌ကို ပြန်လည်သုံးသပ်ပြီး ပိုမိုတောက်ပသည့် အနာဂတ်ဆီသို့ မျှော်မှန်းရာတွင် ပုဂံကြေညာစာတမ်း၏ မျှော်မှန်းချက်နှင့် စိတ်ဓာတ်ကို လမ်းညွှန်ချက်အနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့၏ရှေ့မှောက်တွင် ကြီးမားသည့်စိန်ခေါ်မှုများ ရှိနေသကဲ့သို့ စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ယုံကြည်မှုနှင့် အားလုံးပူးပေါင်းဆောင်ရွက်မှုတို့ မှတစ်ဆင့် ဖန်တီးနိုင်မည့်အခွင့်အလမ်းများလည်း များစွာရှိနေကြောင်း။ 

 

မြန်မာနိုင်ငံအနေဖြင့် ACMECS ၏ ဘုံဦးစားပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန်၊ မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန်နှင့် ပိုမိုချိတ်ဆက်မှုရှိကာ ကြံ့ကြံ့ခံနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် ဒေသခွဲတစ်ခုကို တည်ဆောက်ရန်အတွက် ACMECS အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိကြောင်း၊ ထို့ကြောင့် ယနေ့ ဖော်ဆောင်နေသည့် သာယာဝပြောမှုနှင့် တိုးတက်မှုများသည် နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ပိုမိုခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာစေရေး အတူတကွ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းအပ်ပါကြောင်း ပြောကြားသည်။

 

၎င်းနောက် ACMECS အလှည့်ကျဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အလှည့်ကျဥက္ကဋ္ဌတာဝန်အား ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်ထံ လွှဲပြောင်းပေးအပ်သည်။

 

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ACMECS အလှည့်ကျ ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်က ACMECS အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းမှုကို လက်ခံသည့် အထိမ်းအမှတ်အဖြစ် လည်းကောင်း မိန့်ခွန်းများ အသီးသီးပြောကြားကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်