မြဝတီမြို့ အမှတ် (၅) ရပ်ကွက်အတွင်း တရားမဝင် ထိုင်းနိုင်ငံသားများအပါအဝင် လောင်းကစားဝိုင်း (ကာစီနို) လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၈

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍအသီးသီးတို့တွင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အဆင့်ဆင့်ချမှတ်၍ အလေးထားဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက်လည်း ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက နယ်မြေလုံခြုံရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် ဖားခြောက်ကောင်လမ်းရှိ Grand Myawaddy ဟိုတယ်အတွင်း သတင်းအရ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လောင်းကစားဝိုင်း (ကာစီနို) များ ကျူးလွန်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇၁ ဦး စုစုပေါင်း ၇၉ ဦး၊ တရားမဝင် ထိုင်းနိုင်ငံသား အမျိုးသား ၂၇၂ ဦးနှင့် အမျိုးသမီး ၃၂၁ ဦး စုစုပေါင်း ၅၉၃ ဦးတို့ကို လောင်းကစားမှုများလုပ်ကိုင်ရာတွင် အသုံးပြုသည့် Laptop ၁၈၅ လုံး၊ All in One ကွန်ပျူတာ ၁၉၂ လုံး၊ မော်နီတာ ၄၀ လုံး၊ CPU ၄၀ လုံးနှင့် ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ဖုန်းမျိုးစုံ ၃၄၅ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီခန့်တွင် မြဝတီမြို့ အမှတ် (၅) ရပ်ကွက်ရှိ Myawaddy Complex အမည်ရှိ နေရာအား ဝင်ရောက်စစ်ဆေးခဲ့ရာ အဆိုပါလောင်းကစားရုံအတွင်းမှ All in One ကွန်ပျူတာ ၁၀ လုံး၊ မော်နီတာ ၅၀ လုံး၊ CPU ၅၀ လုံး UPS ၁၀ လုံးနှင့် ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ ဖုန်းမျိုးစုံ ၁၀ လုံးနှင့် ဖဲကစားခုံ ၂ ခုံ တို့ကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

 

ဆက်လက်၍ ပူးပေါင်းအဖွဲ့များသည် မြဝတီမြို့အတွင်းရှိ ရပ်ကွက်များနှင့်လမ်းဆုံနေရာများတွင် လိုအပ်သည့်ရှာဖွေပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အမှတ် (၅) ရပ်ကွက် ဝါးတောလမ်းနေရာတစ်ဝိုက်၌ မသင်္ကာဖွယ်မီးရောင်များတွေ့ရှိရသဖြင့် သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နိုဝင်ဘာ ၂၈ ရက်၊ ယနေ့နံနက် ၂ နာရီ မိနစ် ၅၀ ခန့်တွင် ထိုင်းနိုင်ငံသား အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၂၀ ဦးကို လည်းကောင်း၊ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် ထိုင်းနိုင်ငံသား အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၂၅ ဦးကိုလည်းကောင်း၊ နံနက် ၃ နာရီ မိနစ် ၅၀ ခန့်တွင် ထိုင်းနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၂၂ ဦးကိုလည်းကောင်း စုစုပေါင်း ထိုင်းနိုင်ငံသား အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၆၇ ဦး စုစုပေါင်း ၂၃၇ ဦးတို့ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

၁၀၀