နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် KNLA ၊ KTLA ၊ PDFအဖွဲ့များမှ အဖွဲ့ဝင် ၂၈ ဦးတို့ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၊ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံ


နေပြည်တော် နိုဝင်ဘာ ၂၈

 

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ KNLA ၊ KTLA ၊ PDF အဖွဲ့များမှ အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၂၈ ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် KNLA ၊ KTLA ၊ PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းမှူး ဗိုလ်မှူးချုပ် ရဲဝင်းအောင်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊စစ်သည်များ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီးနောက် တိုင်းမှူးက တရားဥပဒေဆိုင်ရာပုဒ်မများနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်မှ အမျိုးသား လေးဦး၊အမျိုးသမီးနှစ်ဦး၊ ထားဝယ်မြို့နယ်မှ အမျိုးသားရှစ်ဦး၊ အမျိုးသမီးငါးဦး၊ ဘုတ်ပြင်းမြို့နယ်မှ အမျိုးသားနှစ်ဦး၊ ကော့သောင်းမြို့နယ်မှ အမျိုးသားတစ်ဦး၊ ပုလောမြို့နယ်မှ အမျိုးသားနှစ်ဦး၊ ရေဖြူမြို့နယ်မှ အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာမြို့နယ်မှ အမျိုးသားတစ်ဦး၊ လှိုင်သာယာမြို့နယ်မှ အမျိုးသားတစ်ဦး၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှ အမျိုးသားတစ်ဦးတို့သည် ၎င်းတို့နှင့်အတူပါရှိလာသည့် M16 သေနတ်တစ်လက်၊ HK သေနတ်တစ်လက်၊ ပစ္စတိုတစ်လက်၊ လက်လုပ်သေနတ်လေးလက်၊ လက်ပစ်ဗုံးမျိုးစုံ ခုနစ်လုံး၊ ကျည်အိမ်နှစ်ခု၊ ကျည်မျိုးစုံ ၆၄ တောင့်၊ ၄၀ မမ ဗုံးသီးသုံးလုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

 

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် နှစ်လက်အတွက် ဆုကြေးငွေကျပ်သိန်း ၁၀၀၊ ပစ္စတိုတစ်လက်အတွက် ဆုကြေးငွေကျပ်သိန်း၂၀၊ လက်လုပ်သေနတ်လေးလက်အတွက် ဆုကြေးငွေကျပ်သိန်း ၂၀၊ လက်ပစ်ဗုံးမျိုးစုံခုနစ်လုံးအတွက် ဆုကြေးငွေကျပ် ၂၁ သိန်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ ၂၈ ဦးအတွက် ဆုကြေးငွေကျပ်သိန်း ၂၈၀ နှင့် လက်ဆောင်ပစ္စည်းများပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။

 

အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် PDF အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့် အကျပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူ များဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။ ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

အမျိုးသား

ကျွန်တော် ၂၀၁၄ လောက်က ရွာကိုအလည်လာရင်းနဲ့လမ်းမှာ KNLA အကြမ်းဖက်အဖွဲ့တွေနဲ့တွေ့ပြီး ကျွန်တော့်ကို စစ်ဆေးတယ်။ မေးမြန်းတယ်။ နောက်ဆုံးတော့ ကျွန်တော့်ကို လိမ်ပြီးခေါ်သွားတယ်။ ကျွန်တော် သင်တန်းကာလ သုံးလကြာတယ်။ သင်တန်းဆင်းပြီး စခန်းကိုပြန်ရောက်တယ်။ ကျွန်တော် ရှင်းလင်းရေးတွေလုပ်ရတယ်။ ဒါ့အပြင် ပြည်သူပိုင်တဲ့ ဥယျာဉ်ခြံတွေမှာ ဆက်ကြေးကောက်ခိုင်းတယ်။ အမှားနည်းနည်းလုပ်လိုက်တာနဲ့ အပြစ်ပေးတယ်။ ရိုက်တယ်။ ထိုးတယ် အများကြီးအနိုင်ကျင့်ခံရတယ်။ ကျွန်တော် ပြန်စဉ်းစားတယ်။ အတွေးပြန်ဝင်လာတယ်။ ငါတို့ ဒီအတိုင်းဆက်သွားနေရင် ဘာအဓိပ္ပာယ်မှမရှိဘူး။ ငါတို့လူငယ်တွေရဲ့ အနာဂတ်ပျောက်မှာ သေချာတယ်။ အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက် တိုင်ပင်တယ်။ ဥပဒေဘောင်အတွင်း အလင်းပြန်လည်ဝင်ရောက်ဖို့ အကြိမ်ကြိမ် ကြိုးစားတယ်။ ၂၀၂၅ ကျော်လောက်မှာ ရင်းနှီးတဲ့အသိတစ်ယောက်ထံ ကျွန်တော်အကူအညီတောင်းတယ်။ အမှန်တရားကို ရှင်းပြတယ်။ ကျွန်တော်တို့ ဥပဒေဘောင်အတွင်း အလင်းပြန်လည်ဝင်ရောက်ဖို့ အကြောင်းပြောပြတယ်။ အဆင်ပြေသွားတယ်။ ကျွန်တော်လည်း မိသားစုနဲ့ပြန်တွေ့ရမှာမို့ အလွန်ပျော်မိတယ်။ ကျွန်တော်တို့ကို အစစအရာရာကူညီထောက်ပံ့ပေးတဲ့ ဌာနဆိုင်ရာအသီးသီးကိုလည်း အလင်းဝင်ရောက်လာတဲ့ ညီအစ်ကိုမောင်နှမတွေကိုယ်စား ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။ တောထဲမှာ ကျန်ရှိနေတဲ့ ညီငယ်ညီမငယ်တွေကိုလည်း အမြန်ဆုံးဥပဒေဘောင်အတွင်းသို့ လာရောက်အလင်းဝင်ဖို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်။

 

အမျိုးသမီး

၂၀၂၃ မှာ PDF အဖွဲ့ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဝင်ရောက်ခဲ့ပြီးတော့ အခြေခံသင်တန်းသုံးလ ဆင်းခဲ့ရပါတယ်။ သင်တန်းကပြန်ရောက်ပြီးတော့ ကျွန်မလုပ်ရတဲ့ တာဝန်တွေကတော့ ဆက်ကြေးကောက်တယ်။ ကင်းစောင့်ရတယ်။ ထမင်း၊ ဟင်းချက်ရတယ်။ လိုင်းပေါ်က အလှူခံ မဲရောင်းရတယ်။ နေရထိုင်ရအဆင်မပြေတာတွေ အများကြီးရှိခဲ့တယ်။ တစ်နှစ်လောက် ကြာတော့ ထွက်ဖို့ပြောခဲ့တယ်။ အချုပ်ခြောက်လအကျခံရင် ထွက်ခိုင်းမယ်လို့ပြောတယ်။ အချုပ်ခြောက်လ အကျခံရတယ်။ အချုပ်ခြောက်လအကျခံပြီးတော့လည်း ထွက်ဖို့ထပ်ပြောတယ်။ ထွက်ဖို့ထပ်ပြောတော့ မထွက်ခိုင်းဘူး။ မထွက်ခိုင်းဘူးဆိုတော့ ကျွန်မထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ အဲဒါနဲ့တပ်မတော်ဘက်ကို အလင်းဝင်လိုက်တယ်။ အလင်းလာဝင်တော့ တပ်မတော်ဘက်ကလည်း နွေးနွေးထွေးထွေးကြိုဆိုတယ်။ ပြီးတော့ အစားအသောက်၊ အနေအထိုင် အစစအရာရာအားလုံးကို အဆင်ပြေအောင်ထားပေးတယ်။ အဲဒီလိုထားပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။

 

သတင်းစဉ်