မြိတ် နိုဝင်ဘာ ၂၈
အဏ္ဏဝါသိပ္ပံပညာရပ်ဆိုင်ရာတိုးတက်မှုများကိုအသုံးချပြီး ကမ်းရိုးတန်းဒေသများ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ပင်လယ်ပြင်ဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုရန်၊ မြန်မာနိုင်ငံ၏ အဏ္ဏဝါသိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန်နှင့် သုတေသနလုပ်ငန်းများအတွက် အရေးပါသည့် နိုင်ငံတကာပင်လယ်နှင့် ဝန်းကျင်ဆိုင်ရာသိပ္ပံဖိုရမ် (၂၀၂၆)ကို ယနေ့ နံနက်ပိုင်းတွင် မြိတ်တက္ကသိုလ်၌ ကျင်းပသည်။
ဖိုရမ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းအိ၊ Third Institute of Oceanography ညွှန်ကြားရေးမှူးချုပ် Dr. Zhang Haifeng နှင့် ဒေါက်တာ သဇင်ဟန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက္ကသိုလ်ရင်ပြင်တွင်ပြသထားသည့် ပိုစတာပြပွဲကိုကြည့်ရှုအားပေးကာ အမှတ်တရကမာခွံမှတ်တမ်း ရေးထိုးကြသည်။
ဆက်လက်၍ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ဖိုရမ်ဆွေးနွေးပွဲကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူ့လွှတ်တော်ပညာရေးမြင့်မားမှုကော်မတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှတင့်တို့က အမှာစကားပြောကြားကြသည်။
ထို့အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တတိယအဏ္ဏဝါတက္ကသိုလ်မှ ညွှန်ကြားရေးမှူးချုပ်က ဖိုရမ်ပူးပေါင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြိတ်တက္ကသိုလ် ပါမောက္ခချုပ်က Advancing Marine Science for Sustainable Coastal Communities and Blue Economy ဖိုရမ်၏ ဆောင်ပုဒ်ရည်ရွယ်ချက်များနှင့် ဖိုရမ်ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဖိုရမ်ကို အဏ္ဏဝါနှင့်ပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံပညာရပ်များတွင် နောက်ဆုံးရသုတေသနရလဒ်များနှင့် သိပ္ပံဆိုင်ရာအသိပညာများကို ဖလှယ်နိုင်ရန်၊ ပင်လယ်နှင့်ကမ်းရိုးတန်းဂေဟစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပင်လယ်ပြင်ဆိုင်ရာ စီးပွားရေးသုတေသနလုပ်ငန်းများကိုမြှင့်တင်နိုင်ရန်၊ ပြည်တွင်းပြည်ပတက္ကသိုလ်များ၊ သုတေသနဌာနများနှင့် ပညာရှင်များအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန်၊ လူငယ်သုတေသီများနှင့် ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအတွက် သုတေသနရလဒ်များတင်ပြဆွေးနွေးနိုင်မည့် အခွင့်အလမ်းများဖန်တီးပေးရန်၊ သုတေသနရလဒ်များကို ကမ်းရိုးတန်းဒေသဖွံ့ဖြိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေးတို့တွင် လက်တွေ့အသုံးချနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
ဖိုရမ်တွင် အဏ္ဏဝါသိပ္ပံ၊ အဏ္ဏဝါပတ်ဝန်းကျင်၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှု၊ ကမ်းရိုးတန်းဂေဟစနစ်ထိန်းသိမ်းရေး၊ Blue Carbon၊ ငါးလုပ်ငန်းနှင့်ရေရှည်တည်တံ့သော အပြာရောင်စီးပွားရေးဆိုင်ရာ သုတေသနစာတမ်းများကို တင်ပြဆွေးနွေးခြင်း၊ စာတမ်းဖတ်ကြားခြင်းများအပြင် ပညာရှင်များအကြား အပြန်အလှန်ဆွေးနွေးခြင်း၊ သုတေသနအတွေ့အကြုံများဖလှယ်ခြင်းနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအတွက် နိုင်ငံတကာပညာရှင်များ စကားဝိုင်းဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ ဆွေးနွေးမှုအဓိကတွေ့ရှိချက်များ၊ ရလဒ်များ၊ အကြံပြုချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လမ်းစဉ်များကို သုံးသပ်ဆွေးနွေးဆောင်ရွက်ကြမည်ဖြစ်သည်။
ဖိုရမ်ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက်နှင့် ၂၉ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


